မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် နတ်စင်လမ်းရှိ မြန်မာနှစ်ခြင်း အသင်းတော် ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း၌ မတ် ၁၄ ရက် နံနက် ၁၀ နာရီခန့်က ထမင်းစားဆောင် ဆောက်လုပ်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိရကြောင်း သိရသည်။
“ကျောင်းဝင်းထဲ ထမင်းစားဆောင်ဆောက်ဖို့ မြေတူးရင်း ပေါ်လာတာပါ။ အုတ်ခွက်ဘုရား အချပ် ၁၀၀ လောက်ကို တစုတည်း တွေ့တယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းပေါ့။ နားမလည်တော့ ဘာလုပ်ရမှန်း မသိဘူး တာဝန်ရှိသူတွေဆီ အပ်နှံမှာပါ” ဟု မြန်မာနှစ်ခြင်း ခရစ်ယာန်ကျောင်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
တူးဖော်တွေ့ရှိရသော အုတ်ခွက်ဘုရားများမှာ မုဒြာပုံစံအမျိုးမျိုးရှိကြောင်း၊ ရှေးဟောင်း အုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့ စုစုပေါင်း ၂၄၀ ကျော်နှင့် အိုးခြမ်းခွဲချို့လည်း တွေ့ရှိရကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က Eleven Media သို့ ပြောကြားသည်။
“သထုံမြို့ သိမ်ကုန်းရပ်မှာရှိတဲ့ မြန်မာနှစ်ခြင်း အသင်းတော် ခရစ်ယာန်ဘုရားကျောင်းမှာ အဆောက်အအုံတစ်ခု တည်ဆောက်ဖို့ မြေကြီးတူးရာကနေ ဒီအုတ်ခွက် ဘုရားတွေကို တွေ့ ရတာပါ။ အုတ်ခွက်ဘုရားတွေ အပြင်ကို အိုးခြမ်းကွဲတွေကိုလည်း တွေ့ရတယ်။ အဲဒီအိုးခြမ်းကွဲတွေမှာ စာလုံးလေးတွေ ထွင်းထားတာလည်း တွေ့ရတယ်။ အဲဒီ အုတ်ခွက်ဘုရားတွေကို ဓာတ်ပုံတွေရိုက်ပြီးတော့ ပညာရှင်တွေဆီကိုပို့ပြီး မေးမြန်းတော့ ဘီစီ ၅ ရာစုကနေ ဘီစီ ၁၀ ရာစုကြား လက်ရာတွေလို့ ခန့်မှန်းပြီး ပြောကြပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။
ယနေ့တွင် ပြည်နယ်ရှေးဟောင်း သုတေသနက လာရောက်စစ်ဆေးမည်ဟု သိရပါကြောင်း၊ သထုံမြို့မှ ယင်းကဲ့သို့ ရှေးဟောင်းပစ္စည်းတွေကို ရှေးဟောင်းသုတေသနဌာနမှ သယ်သွားသည်မှာ တော်တော်လေးကို များနေပြီဖြစ်ကြောင်း၊ မည်သည့်နေရာတွင် မည်ကဲ့သို့ ထားရှိပြီး၊ မည်ကဲ့သို့ စစ်ဆေးနေသည်ကို မသိရကြောင်း၊ ယခုတူးဖော် တွေ့ရှိခဲ့သော အုတ်ခွက်ဘုရားများအား သထုံရွှေစာရံ စေတီတော်ဝင်းအတွင်းရှိ ဗုဒ္ဓဝင် ပြတိုက်၌ အုတ်ခွက်ဘုရား ၁၀ ဆူလောက်ကို ပြသထားစေချင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောကြားသည်။
“ဒီအုတ်ခွက်ဘုရားတွေရဲ့ လက်ရာတွေက သထုံမြို့ဟောင်း မပျက်ခင်က ဘီစီ ၁၀ ရာစုဝန်းကျင်က ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှု လက်ရာလို့ ယူဆရပါတယ်။ မြို့ပျက်သွားပြီး နောက်ပိုင်းမှာတော့ ဒီလိုဘုရားတွေကို ပြုလုပ်ကြတော့မှာ မဟုတ်ဘူးလေ။ အရင်ကလည်း သထုံမြို့မှာ အခုလို အုတ်ခွက်ဘုရားတွေ တူးဖေါ်တွေ့ရှိရတဲ့အတွက်ကို သထုံမြို့ဟောင်း ရှိခဲ့ကြောင်း အထောက်အထား ပိုပြီးတော့ ခိုင်မာလာစေပါတယ်။ သေချာတာက ဘီစီ ၁၀ ရာစုနဲ့ ၁၁ ရာစု သထုံမြို့ဟောင်းက အင်မတန်ကို စည်ပင်ထွန်းကားခဲ့တယ်။ ယဉ်ကျေးမှု အခိုင်အမာရှိတယ်ဆိုတာကို ပြောနိုင်မှာပါ” ဟု ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်းက သုံးသပ်ပြောကြားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကလည်း ယခုအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိရာ မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း အနီးရှိ အ.ထ.က (၂) ကျောင်းဝင်းအတွင်း အုတ်ခွက်ဘုရားပေါင်း ၁၀၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ဖူးကြောင်း၂၀၁၅ ခုနှစ်၊ ဇွန် ၁၅ ရက်၊ ဇူလိုင် ၁၅ ရက်၊ သြဂုတ် ၈ ရက်နှင့် စက်တင်ဘာ ၁၅ ရက်တို့တွင်လည်း မြန်မာနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်း အနီးရှိ စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌ အုတ်ခွက်ဘုရားပေါင်း ၆၅၀ ကျော်၊ အကျိုးအပဲ့ ၉၀၀ နီးပါးကို တူးဖော်တွေ့ရှိခဲ့ရကြောင်းနှင့် ယခုမြန်မာနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း တူးဖော်တွေ့ရှိရမှုမှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် တူးဖော်တွေ့ရှိရသော အုတ်ခွက်ဘုရားများနှင့် အိုးခြမ်းကွဲ အပိုင်းအစများအား သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဘုရားခန်း၌ ယာယီထားရှိထားကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment