
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများအား ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံက ဂုဏ်ပြုအခမ်းအနားပြုလုပ်၍ မတ် ၁၂ ရက် ညနေပိုင်းတွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ တိုက်ရိုက် သယ်ဆောင်သွားသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ကျဆုံးခဲ့သည့် အမေရိကန်စစ်သည် ၁၄ ဦး၏ ရုပ်ကြွင်းကို မတ် ၁၂ ရက်က အမေရိကန်နိုင်ငံသို့ တိုက်ရိုက် သယ်ဆောင်မည့်ခရီးစဉ် မတိုင်မီ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အဆိုပါ ရုပ်ကြွင်းများကို သယ်ဆောင်မည့် U.S. AIR FORCE လေယာဉ်နှင့်အတူ ကျဆုံး စစ်သည်ရုပ်ကြွင်းများအတွက် ဂုဏ်ပြုအခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့သည်။
“လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ကျွန်တော်တို့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေအဖြစ် ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို ဒီနေ့ ကျွန်တော်တို့နိုင်ငံကို ပြန်လည် သယ်ယူပို့ဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့အကြောင်းတွေကို ထာဝရ အမှတ်ရ ဂုဏ်ပြုနေဖို့နဲ့ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံခဲ့မှုတွေကို ဘယ်တော့မှ မမေ့လျော့ဖို့နဲ့ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုရှိပြီး နေရာတိုင်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်အားထုတ် ကြိုးပမ်းရေးအတွက် သူတို့ကိုပေးဆပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ ဒီရုပ်ကြွင်းတွေ ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုတွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က အမေရိကန် စစ်သည်ရုပ်ကြွင်းများ သယ်ဆောင်ခြင်း ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည်။
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း ကျန်ရစ်ပျောက်ဆုံး၍ ရှာဖွေ မတွေ့ရှိသေးသော အမေရိကန်စစ်သည် ၆၃၂ ဦး ရှိနေဆဲဖြစ်ပြီး ယခု ရှာဖွေတွေ့ရှိထားမှုမှာ စစ်သည် ၁၄ ဦး၏ ရုပ်ကြွင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ ရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ DPAA (စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ)သို့ ပို့ဆောင်ကာ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရှာဖွေတွေ့ရှိခဲ့သည့် အမေရိကန် စစ်သည်ရုပ်ကြွင်းများမှာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံးခဲ့သည့် စစ်သည် ခုနစ်ဦး လိုက်ပါသွားသော ဘီ-၂၅ ဂျီ လေယာဉ်နှင့် ဆက်စပ်နေမည်ဟု ယုံကြည်ရကြောင်း၊ အပျက်အစီး အပိုင်းအစနေရာကို ၁၉၄၆ ခုနှစ်က စုံစမ်းစစ်ဆေးမှုတစ်ရပ်က ညွှန်ပြခဲ့သော်လည်း အဆိုပါလေယာဉ် ပျက်ကျခဲ့သည့်နေရာကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း၊ ကျန်ရှိနေသည့် အမေရိကန်စစ်သည် ရုပ်ကြွင်းများနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ အများဆုံးရှိသော ရုပ်ကြွင်းများကို ဆက်လက် ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်စစ်သည် ရုပ်ကြွင်းများကို ပို့ဆောင်၍ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်မည့် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ DPAA (စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ)သည် အတိတ်ကာလအတွင်းက ဖြစ်ပျက်ခဲ့သော ပဋိပက္ခများအတွင်း ပျောက်ဆုံးနေခဲ့သည့် အမေရိကန် အမှုထမ်းများ၏ ဖြစ်နိုင်ခြေ အရှိဆုံးသော ရုပ်ကြွင်းများကို ရှာဖွေဖော်ထုတ်၍ ၎င်းတို့၏ မိသားစုများနှင့် နိုင်ငံတော်ထံ ပြန်လည်အပ်နှံရေးဖြစ်ပြီး DPAA သည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြစ်သော ဒုတိယကမ္ဘာစစ် ကာလအတွင်းက ပင်လယ်ကွေ့ စစ်ပွဲများတစ်လျှောက် ကျဆုံး၊ ပျောက်ဆုံးခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်သည်အမှုထမ်း ၈၂၀၀၀ ကျော်နှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရှာဖွေ မှတ်တမ်းတင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ယူထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။






Eleven Media Group






0 comments:
Post a Comment