သက်ကယ်မုဒိမ်း မှုကျူးလွန်သူများကို ထောင်ဒဏ် နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက် (ထောင်ထဲတွင် သေသည်အထိ နေရမည်)အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်းကို မတ်လ ၁၄ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေးက အတည် ပြုခဲ့သည်။
လက်ရှိမုဒိမ်းမှုများကို အရေးယူနေသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ၏ ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ကာ ရာဇသတ်ကြီးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအဖြစ် ပဲခူးတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းတွင် အ သက်(၁၂)နှစ်အောက် ကလေး ငယ်များနှင့် မသန်စွမ်းမိန်းကလေး များအပေါ် မုဒိမ်းမှုကျူးလွန်သူများကို ထောင်ဒဏ် နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
‘‘တိုင်းပြည်မှာ သက်ငယ် မုဒိမ်းမှုတွေက တော်တော်လေး ဟိုးလေးတကျော် ဖြစ်နေတယ်။ အဲဒါတွေကို ကြည့်လိုက်ရင် များ သောအားဖြင့် နယ်က ဆင်းရဲနွမ်းပါးတဲ့သူတွေ ဖြစ်နေတယ်။ သူတို့ ရဲ့လုံခြုံမှုကို ဘယ်လိုစဉ်းစားမ လဲ။ ကလေးတွေကို လုံခြုံမှုမပေး နိုင်ရင် ကျွန်တော်တို့နိုင်ငံအတွက် မကောင်းဘူး။ ဒါကြောင့် စံပြု လောက်တဲ့ ပြစ်ဒဏ်ကို မြှင့်ပြီးတော့ လုပ်တာပါ’’ဟု ဥပဒေကြမ်း တင်သွင်းခဲ့သည့် ဦးအောင်သိန်း က ပြောသည်။
မုဒိမ်းမှုပြုကျင့်စဉ် ပြုကျင့် ခံရသူ အသက်သေဆုံးပါက ပြု ကျင့်သူသည် မုဒိမ်းမှုဖြင့် အရေးယူခံရမည့်အပြင် ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရနိုင်သည့် လူသတ်မှုဖြင့်လည်း ငြိစွန်းနေသဖြင့် သေဒဏ်ချမှတ်ခြင်း ခံရနိုင် ကြောင်း ဥပဒေကြမ်းတင်သွင်းသူ ဦးအောင်သိန်းက ပြောသည်။
မူလ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်သည် အသက်ငယ်ရွယ်သူများနှင့် မသန်စွမ်းများအပေါ် ပြုကျင့်သည့် မုဒိမ်းမှုများအတွက် လုံလောက်မှုမရှိသည့်အပြင် ဟန့် တားရာလည်း မရောက်နိုင်သဖြင့် ပြစ်ဒဏ်တိုးမြှင့်သည့် ဥပဒေကြမ်းကို တင်သွင်းခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ(၃)အဖြစ် ဖြည့် စွက်ထားပြီး ယင်းပုဒ်မခွဲ၌ ‘မည်သူမဆို မသန်စွမ်းသူ မိန်းမကိုဖြစ်စေ၊ အသက်(၁၂)နှစ်အောက် မိန်းကလေးကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် နှစ်(၂၀)ဖြစ်စေ၊ ထောင်ဒဏ်တစ်သက်ဖြစ်စေ ချမှတ်ခြင်းခံရမည်’ ဟု ဖြည့်စွက်ပြင်ဆင်ခြင်းဖြစ်သည်။
ထို့အပြင် ပုဒ်မခွဲ(၂)အဖြစ် ‘မည်သူအဆို အသက်(၁၂) နှစ်အောက် မဟုတ်သော မိမိ၏ မယားအား မုဒိမ်းမှုကျူးလွန်လျှင် ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်’ဟု ဖြည့်စွက်ထားသည်။
ပုဒ်မခွဲ(၁) တွင်မူ ‘ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ပုဒ်မခွဲ(၂) နှင့် (၃)တို့တွင် ပြဋ္ဌာန်းထားသည့် မုဒိမ်းမှုအမျိုးအစားများမှ လွဲ၍ ကျန်မုဒိမ်းမှုအားလုံးကို ထောင် ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်’ဟု ဥပဒေကြမ်း၌ ဖြည့်စွက်ပြင်ဆင်ထားသည်။
အဆိုပါ ရာဇသတ်ကြီးဥပ ဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က မတ်လပထမပတ်အတွင်း ယင်းအ တိုင်း အတည်ပြုထားပြီး ယခုအခါအမျိုးသားလွှတ်တော်ကလည်း သဘောတူသောကြောင့် နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင် နက် ဥပဒေအတည်ဖြစ်လာမည် ဖြစ်သည်။
ထိုသို့ သက်ငယ်မုဒိမ်းမှုကျူး လွန်သူများအတွက် ပြစ်ဒဏ်တိုး မြှင့်ပြဋ္ဌာန်းထားသည့် ဥပဒေကြမ်း အပေါ် Triangle Women အဖွဲ့ဒါရိုက်တာ မခင်လေးက ထောက်ခံသည်။
အသက်ငယ်ရွယ်ပြီး ဉာဏ်ပညာအားဖြင့်ရော ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုအရပါ နည်းပါးသေးသည့် ကလေးငယ်များအပေါ် ဦးတည်ကာ အဓမ္မပြုကျင့်မှုများရှိလာသ ဖြင့် ယခုကဲ့သို့ အတည်ပြုခြင်းအပေါ် ကျေးဇူးတင်ကြောင်း လည်း မခင်လေးကပြောသည်။
7Day







0 comments:
Post a Comment