နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် နှစ်ရက်အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တိမ်တိုက်တွေကြောင့်မို့လို့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေကော အလယ်ပိုင်းဒေသတွေကော အပူချိန်အတော်လေးကို ကျသွားတယ်။ ပုံမှန်ဆိုရင် အပူချိန်က မတ်လဆိုရင် အပူချိန်မြင့်တက်လာမယ့် အနေအထားပေါ့၊ ပြီးခဲ့တဲ့ရက်ပိုင်းဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၄ ဒီဂရီစင်တီဂရိတ်လောက်ထိ ကျသွားတာရှိခဲ့တယ်။ ဒီရက်ပိုင်းမှာ ပုံမှန်လောက်ပြန်ပူလာမယ့် အနေအထားရှိတယ်။ အေးတဲ့အနေအထား ကနေ ပူတဲ့အနေအထားမျိုးကို ချက်ချင်းသိသိသာသာ ခံစားရတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အပူအအေးမမျှတတာတို့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
ထို့ပြင် ပူပြင်းလာပါက အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာပြဿနာများအပြင် အပူကြောင့် အပူပြန်တက်တိမ်များဖြစ်ပေါ်ပြီး မွန်းလွဲ ညနေပိုင်းများတွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“မိုးတိမ်တောင်တွေကြောင့် မိုးရွာတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာ၊ လေပြင်းတိုက်ခတ်တာတွေကိုလည်း သတိပြုဖို့လိုတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အချို့မြို့များတွင် စံချိန်တင်ပူပြင်းမှုများရှိနိုင်ကြောင်း၊ ယခုနှစ်သည် အားနည်းသည့် အယ်လ်နီညိုဖြစ်နိုင်သဖြင့် စံချိန်တင်ပူပြင်းမှုများရှိလာနိုင်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ် ၁၁ ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ချင်းပြည်နယ် တို့တွင် မတ်လ၏ ပုံမှန်အပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း) တွင် မတ်လ၏ ပုံမှန်အပူချိန်အောက် သုံးဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်ခန့်သာရှိခဲ့ကြောင်း၊ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမြို့နှင့် ရေးမြို့တို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်စီနှင့် ဖြူးမြို့၊ ရန်ကုန် (ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ နယ်) နှင့် ဘော်လခဲမြို့တို့တွင် ၃ရဒီဂရီစင် တီဂရိတ် စီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Eleven Media Group







0 comments:
Post a Comment