Wednesday, March 6, 2019

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် အကျဉ်းသားများကို အာဟာရကျွေးမွေး


တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေကြတဲ့ အကျဉ်းသား၊ အချုပ်သားတွေကို အားဖြည့်စားသောက် ဖွယ်ရာတွေ ထောက်ပံ့ကျွေးမွေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 
လက်ရှိကျင်းပနေတဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတ၀န်း အကျဉ်းထောင် ၉ ခုက အကျဉ်းသားနဲ့ အချုပ်သား ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၇၁ ဦးတို့ စာစစ်ဌာန အသီးသီးမှာ ၀င်ရောက် ဖြေဆိုနေကြတာပါ။ 

အင်းစိန်ဗဟိုအကျဉ်းထောင်အာဏာပိုင်တွေက စာမေးပွဲဖြေမယ့် ကျောင်းသား ၁ ဦးကို နွားနို့ ၁ ခွက်၊ ကြက်ဥ ၁ လုံး၊ ငှက်ပျောသီးဖီးကြမ်း ၁လုံးတို့ကို စာမေးပွဲ ပြီးဆုံးမယ့်နေ့ရက်အထိ နေ့စဉ်နံနက်အစောပိုင်း အားဖြည့်အစားအစာ ကျွေးမွေးတာ၊ စာမေးပွဲ ဖြေဆိုမယ့် ၁ လအလိုက စပြီး ညပိုင်းမှာ ကော်ဖီမစ် ၁ ထုပ်၊ အင်နာဗွန်စီ အားဆေး ၁ လုံးနှုန်း ထောက်ပံ့ကျွေးမွေး နေတာလို့ ဆိုပါတယ်။ 

မန္တလေးဗဟိုအကျဉ်းထောင်မှာလည်း စာမေးပွဲဖြေဆိုသူ ၇၀ ကျော်ကို ထောင် ဆရာဝန်က နေ့စဉ်ကျန်းမာရေးစစ်ဆေးသလို အင်နာဗွန်စီအားဆေး တရက် ၁ လုံးနှုန်း၊ ဖြည့်စွက်အာဟာရအဖြစ် ကြာဇံကြော်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မုန့်တီသုပ်၊ လက်ဖက်ထမင်း၊ ကြက်ကီးမား၊ ထမင်းဆီဆမ်း၊ နန်းကြီးသုပ်၊ ကော်ဖီနဲ့ မုန့်တွေ ကျွေးမွေးနေတယ်လို့ဆိုပါတယ်။ 

နိုင်ငံတ၀န်းရှိ တခြား အကျဉ်းထောင်တွေမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် အကျဉ်းသား အချုပ်သားတွေကို အလားတူ ကျွေးမွေးတယ်လို့ အကျဉ်းဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဓာတ်ပုံ- အကျဉ်းဦးစီးဌာန
DVB

0 comments:

Post a Comment