တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ပူးတွဲတာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တနင်္သာရီတိုင်းဒေသကြီး လွတ်တော်ဥက္ကဋ္ဌထံ နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၈၆ (၂ ) ၊ ရက်စွဲ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့စွဲဖြင့် လက်မှတ်ထိုး ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ၁၁ .၃. ၂၀၁၉ ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်ပါသဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော့်ကို ဝန်ကြီးချုပ်တာဝန်အဖြစ် ခေတ္တခန့်အပ်လိုက်တဲ့စာ ထွက်လာတယ်လို့ သိရပါတယ်၊ နိုင်ငံတော်သမ္မတကနေ တိုက်ရိုက် ဆက်သွယ်လာခြင်း မရှိသေးပါဘူး၊ ဝန်ကြီးချုပ်တာဝန်နှင့် ပတ်သက်ပြီး အသေးစိတ် မပြောနိုင်သေးပါဘူး၊ ဒီနေ့ ထားဝယ်ကို ကျွန်တော် သွားရောက်ရမယ်၊ တိုင်းဒေသကြီးဘတ်ဂျက် အစည်းအဝေးကိစ္စှနှင့် သွားရောက်ရပါမယ်၊ ဝန်ကြီးချုပ်တာဝန် လွဲပြောင်းဖို့ကိစ္စက လွတ်တော်က ခေါ်ယူပေးအပ်ပါလိမ့်မယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်မှ Eleven Media ၏ မေးမြန်းချက်ကို မတ်လ ၁၂ ရက်နေ့က ပြန်လည်ဖြေကြားခဲ့သည်။
ဦးမြင့်မောင်မှာ လက်ရှိ ကော့သောင်းမြို့တွင် ရောက်ရှိနေပြီး ဘတ်ဂျက်အစည်းအဝေး တက်ရောက်ရန် ထားဝယ်မြို့သို့ မတ်လ ၁၂ ရက် ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ဝန်ကြီးချုပ်တာဝန်နှင့် ပတ်သက်ကာ အသေးစိတ်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မတ်လ ၁၀ ရက်တွင် အရေးယူပြီးနောက် ယာယီဝန်ကြီးချုပ်နေရာကို နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျမှ တာဝန်ယူပေးခဲ့ကာ မတ်လ ၁၁ ရက်တွင် ခေတ္တဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်အား တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှဖြစ်ပြီး လက်ရှိအနေထားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်အပြင် သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တာဝန်ကိုလည်း ပူးတွဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment