၂၀၁၉ ခုနှစ်စကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်နယ်တိုင်းခရီးစဉ်တွေ ခပ်စိတ်စိတ်စလာတာ သတိထားမိသည်။
ကချင်၊ ချင်း၊ ရှမ်း၊ တနင်္သာရီ စသည့်ခရီးစဉ်တွေကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ အနေဖြင့် ခရီးထွက်ခြင်းဖြစ်သည်။
ယင်းခရီးစဉ်များအတွင်း ဒေသခံလူထုနှင့်တွေ့ပြီး စကားပြောဆို ဆွေးနွေးခြင်းများ လုပ်သည်၊ ဒေသခံလူထုက တင်ပြသည်များကို လက်ခံနားထောင်ပြီး တထိုင်တည်း ဖြေရှင်းပေးနိုင်သည်များကို တထိုင်တည်း ဖြေရှင်းပေးပြီး နောင်မှ ဖြေရှင်းနိုင်မည့် ပြဿနာများရှိလျှင်လည်း နောင်မှ ရှင်းနိုင်မည်ဟု ပြောသည်။
တနင်္သာရီတိုင်း ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲတခုတွင် ဒေသခံတဦးက တိုင်းဝန်ကြီးတဦးကို “သူ လိမ်နေတာအမေ” ဟု ထပြောသည့်စကားက ပေါက်သွားသည်။
ဒီနေရာတွင် ဒေသခံလူထု၏ ပြောဆိုတင်ပြချက်၊ ဆွေးနွေးချက်များကို အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်အတွင်း အတိုင်ပင်ခံဖေ့စ်ဘွတ်ခ်မှ တိုက်ရိုက် လိုက်ဖ် ထုတ်လွှင့်ပေးသည့်အတွက် လူထုက မျက်ဝါးထင်ထင် မဖြတ်မတောက် တွေ့မြင်ရတာဖြစ်သည်။
လူထုက ပြည်နယ် တိုင်း အစိုးရများအပေါ် မကျေနပ်ချက်များ ရှိနေသည်ကိုလည်း အတိုင်ပင်ခံဖေ့စ်ဘွတ်ခ် လိုက်ဖ်ကြောင့်ပဲ သိကြရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ် တိုင်း အသီးသီးက အခြေခံကျောင်းသားများ တွေ့ဆုံ စကားပြောကြပုံများကိုလည်း အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်ခ်ကြောင့်ပဲ ကြည်ကြည်နူးနူး ကြည့်ရှုခွင့် ရခဲ့သည်။
ယင်းထက်ပိုပြီး ရှုမျှော်ကြည့်လိုက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံသေကားချပ် သတင်းထုတ်ပြန်မှုကို ဖောက်ထွက်လိုက်ခြင်းပင် ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ သမားရိုးကျ သတင်းထုတ်ပြန်မှုကိုသာ လူထုက စောင့်ကြည့်လျှင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံ” ဆိုသည်နှင့် ပြီးသွားနိုင်သည်။
ယခုတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖေ့စ်ဘွတ်ခ် လိုက်ဖ်လွှင့်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ၊ ဆွေးနွေးသမျှ၊ ဒေသခံများ၏ လိုအင်ဆန္ဒ စသည်စသည်များကို လူထုက အလုံးစုံ မြင်တွေ့ခွင့်ရကြသည်။
ဒါသည်ပင်လျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မီဒီယာဖောက်ထွက်မှုတခုဟု ရှုမြင်သည်။
ရွှေအောင်
DVB







0 comments:
Post a Comment