ရန်ကုန်နှင့် ပဲခူးတိုင်း အစိုးရအဖွဲ့၏ လှုပ်ရှားမှုကို Facebook တွင် ငွေကြေးအသုံးပြုကာ ကြော်ငြာနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှာ လူထု ဆက်သွယ်ရေးအတွက် Facebook ကို အသုံးပြုမှု နည်းပါးသည်ဟု Social Media Development Myanmar (SMDM) က ထုတ်ပြန်သည်။
Social Media Development Myanmar (SMDM) သည် မြန်မာနိုင်ငံရှိ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူများအတွက် ကောင်းမွန်သော လူမှုကွန်ရက် ပတ်ဝန်းကျင်ရရှိစေရေး သတင်းအချက်အလက်နှင့် နည်းပညာများ ဖြန့်ဝေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့က မတ် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလအတွင်း လေ့လာဆန်းစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် Facebook ကြော်ငြာ ဝန်ဆောင်မှုအတွက် ငွေကြေးအသုံးပြုမှု ရှိသည်ကို တွေ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ Facebook Page အများစုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စတင် ဖွင့်ထားခြင်းဖြစ်ကာ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ Facebook Page များသည် ယခင်အစိုးရ လက်ထက်တွင် စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ကြော်ငြာတယ်လို့ ပြောချင်တာပါ။ကျွန်တော်တို့ ဖေဖော်ဝါရီလအတွင်း သုံးသပ်တဲ့ဟာမှာ အဓိက ကတော့ ဝန်ကြီးချုပ်ရဲ့ လှုပ်ရှားမှုတွေ လွှတ်တော်ရဲ့ လှုပ်ရှားမှုတွေကို အဲဒါတွေကို အဓိကတင်တယ်။ ဆိုရှယ်မီဒီယာကို သုံးပြီးတော့ လူထုလှုပ်ရှားမှုတွေ၊ လူထုဆက်သွယ်ရေးကိစ္စတွေ ရှိတယ်ဆိုတော့ အဲဒီလှုပ်ရှားမှု လုပ်တာတော့ နည်းတာ တွေ့ရတယ်။ သတင်းပြန်ကြားရေးတွေ လှုပ်ရှားမှုတွေ ထုတ်ပြန်ချက်တွေကိုပဲ အဓိကဖော်ပြထားတာကို ပြောချင်တာပါ”ဟု Social Media Development Myanmar (SMDM) မှ ပရိုဂရမ်မန်နေဂျာ ကိုနေလင်း က ပြောကြားသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုမှ အစိုးရအဖွဲ့များ၏ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် လှုပ်ရှားမှုများကို Facebook တွင် Page ဖွင့်၍ ဖော်ပြခြင်း ပြုလုပ်လျက် ရှိသော်လည်း လူထုဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေကြောင်း ဆက်လက် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့လာချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ၁၃ ခုသည် Facebook တွင် Page ဖွင့်၍ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အစိုးရ၏ လှုပ်ရှားမှုများကို ဖော်ပြခြင်းတို့ ပြုလုပ်လျက်ရှိပြီး ချင်းပြည်နယ်အစိုးရ၏ Page အား Facebook လူမှုကွန်ရက်တွင် မြင်တွေ့ရခြင်း မရှိကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် Facebook လူမှုကွန်ရက်ကို သတင်းပြန်ကြားရေးပုံစံနှင့် ဖော်ပြနေသည်ကို တွေ့ရပြီး လူထုဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေသည်ကို လေ့လာတွေ့ရှိရကြောင်း Social Media Development Myanmar (SMDM) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ Facebook တွင် Page ဖွင့်၍ ဖော်ပြခြင်း ပြုလုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ အနက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ Page သည် Like အများဆုံး ရရှိထားပြီး ဒုတိယနေရာတွင် ရှမ်းပြည်နယ်နှင့် တတိယနေရာတွင် ကရင်ပြည်နယ်တို့ ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ Page သည် Like အများဆုံး တင်ပြထားပြီး မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရတို့၏ Page က လှုပ်ရှားမှုနည်းပါးသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Facebook Page တွင် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဆိုင်ရာ သတင်းများ၊ လှုပ်ရှားမှုများကို ဦးစားပေး ဖော်ပြထားပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ၏ Facebook Page တွင် ခရိုင် နှင့် မြို့နယ်အလိုက် သတင်းများကို ဖော်ပြထားကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ Facebook Page များကို အမည်ပေးရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် ကွဲပြားမှုများရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Facebook တစ်ခုတည်းသာ Facebook Page ၏ အသိအမှတ်ပြု Blue Mark ရရှိထားသည်ကို တွေ့ရကြောင်း သိရသည်။
တနသာင်္ရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အစိုးရ Facebook Page များတွင် နာမည်တူ ဖွင့်ထားသည့် Page များရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ နာမည်တူ Facebook Page မှာ Hack ခံထားရကြောင်း သိရသည်။
အာဆီယံဒေသတွင်း Facebook လူမှုကွန်ရက် အသုံးပြုသူ အရေအတွက်အနေဖြင့် မြန်မာနိုင်ငံမှာ အဆင့် ၆ နေရာတွင် ရှိနေပြီး မြန်မာနိုင်ငံသည် လူဦးရေအရ အာဆီယံတွင် ပဉ္စမအများဆုံး နေရာတွင် ရှိနေသော်လည်း နိုင်ငံလူဦးရေအရ Facebook လူမှုကွန်ရက် အသုံးပြုသူ ရာခိုင်နှုန်း နည်းပါးနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံရှိ Facebook သုံးစွဲသူများ၏ ၉၇ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းများဖြင့် အသုံးပြုနေခြင်းဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများထက် ရာခိုင်နှုန်း ပိုများလျက်ရှိကြောင်း SMDM က ထုတ်ပြန်သည်။
Eleven Media Group







0 comments:
Post a Comment