Hijet မော်တော်ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောကို ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသည့် Nissan ၂၂ ဘီးယာဉ်ကို ၀င်တိုက်မိသဖြင့် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိမှု ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့သည်။
မတ် ၂၈ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်း ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၄/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖောင်တော်သီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မောင်းနှင်လာသည့် 6M/×××× Hijet ယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော 3M/×××× Nissan (၂၂)ဘီးတွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယင်းသို့ ၀င်ရောက်တိုက်မိခြင်းကြောင့် Hijet ယာဉ်ပေါ်တွင် လိုက်ပါလာသော မအကြီးမ(၂၆)နှစ်အပါအ၀င်(၃)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားပြီး ယာဉ်မောင်း အပါအ၀င်(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သည်။
ထို့ကြောင့် Hijet ယာဉ်မောင်းဖြစ်သူအား ဖောင်တော်သီနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Source - မြန်မာနိုင်ငံရဲတပ်ဖွဲ့
Popular News Journal
0 comments:
Post a Comment