ကျောက်စိမ်း ကုတင်များကို သတ်မှတ်ကြေးထက် ပိုရောင်းရပါက NLD ပါတီ အောင်နိုင်ရေး နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ရွှေနဒီဦးကျောက်မျက်ကုမ္ပဏီက သိရသည် ။
ယင်းကျောက်စိမ်းကုတင်များကို မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် (၅၆) ကြိမ်မြောက် နေပြည်တော်ကျောက်မျက်ပြပွဲတွင် ရောင်းချသွားမည်ဖြစ်ပြီး လေလံစနစ်နှင့် ရောင်းချမည်ဖြစ်သည့်အတွက် သတ်မှတ် ငွေကြေးထက် ပိုရောင်းချရခဲ့ပါက ၂၀၂၀ ခုနှစ် NLD ပါတီ အောင်နိုင်ရေး နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ရွှေနဒီဦးကျောက်မျက်ကုမ္ပဏီ မှ ဦးမောင်လွင် က ပြောသည် ။
"ကိုယ်လုပ်ထားတဲ့အပေါ်မှာ ယူလည်း ယူမယ် လှူလည်းလှူမယ် ။ ကျွန်တော့ရဲ့ ကုန်ကျစရိတ်လောက်ကိုပဲ ကျွန်တော်ပြန်ယူမယ် ။ ရောင်းရလို့ ပိုတဲ့ငွေကို လှူမယ်" ဟု ဦးမောင်လွင် က ပြောသည် ။
ကျောက်စိမ်းကုတင် (၃) လုံးတွင် ၆ ပေ × ၆ ပေခွဲ နှစ်ယောက်အိပ်ကုတင် (၂) လုံး နှင့် ၄ ပေ ၁၀ လက်မ × ၆ ပေခွဲ တစ်ယောက်အိပ်ကုတင် (၁) လုံး ရောင်းချသွားမှာဖြစ်ပြီး နှစ်ယောက်အိပ်ကုတင် (၁) လုံးတွင် NLD ပါတီ အမှတ်တံဆိပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ကျောက်စိမ်းပြားနှင့် ငြိမ်းချမ်းရေးဂျိုးငှက် ပုံ ထွင်းထုထားသည် ။
နှစ်ယောက်အိပ် ကုတင်မှာ ကြမ်းခင်းဈေးအဖြစ် ယူရိုငွေ (၁၀၀၀၀) နှင့် တစ်ယောက်အိပ် ကုတင်မှာ ကြမ်းခင်းဈေး ယူရိုငွေ (၈၀၀၀) သတ်မှတ်ထားပြီး နှစ်ယောက်အိပ်ကုတင်တွင် အခင်းကို ကျောက်စိမ်းပုတီးလုံးရေ ၁၈၀၀၀ ကျော်ဖြင့်လည်းကောင်း၊ ဖတ်လုံးကို ကျောက်စိမ်းပုတီးလုံးရေ ၃၇၀၀ နှင့် ခေါင်းအုံးကို ကျောက်စိမ်းပုတီးလုံးရေ ၁၂၀၀ ကျော် တို့ဖြင့် ပြုလုပ်ထားကြောင်း သိရသည် ။
ထို့အပြင် တစ်ယောက်အိပ်ကုတင်တွင် အခင်းကို ကျောက်စိမ်းပုတီးလုံးရေ ၁၄၀၀၀ ကျော် ၊ ဖတ်လုံး နှင့် ခေါင်းအုံးကို စုစုပေါင်း ကျောက်စိမ်းပုတီးလုံးရေ ၄၀၀၀ ကျော် နဲ့ ပြုလုပ်ထားကြောင်းသိရသည် ။
နိုင်လင်းဦး
The Fifth Wave News
0 comments:
Post a Comment