
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်းဆေးဒေသရှိ ခိုလုံလီရှောလူမျိုးများကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးခေါ်ဆောင်နေမှုကို သက်ဆိုင်ရာက ဝင်ရောက်ထိန်းပေးစေလိုကြောင်း မီဒီယာစင်တာ မန္တလေးတွင် မတ်လ ၁၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့သည် ။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က လူနည်းစုဖြစ်သည့် ခိုလုံလီရှောလူမျိုးများကိုဖမ်းဆီးပြီး ငွေဖြင့် ပြန်ရွေးခိုင်းခြင်းဖြစ်ကာ အမျိုးသား အမျိုးသမီး နှင့် ကလေးသူငယ်များပါမကျန် ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
"ကျွန်မတို့ လူမျိုးစုတွေကို အကြိမ်ကြိမ် ဖမ်းဆီးနေတယ် ။ လူ့အခွင့်အရေး ချိုးဖောက်တာတွေလုပ်နေတယ် ။ ဖမ်းတဲ့အခါမှာ ရွာတွေထဲထိ သေနတ်တွေနဲ့ပစ်ပေါက်ပြီး ဖမ်းဆီးခေါ်ဆောင်တယ် ။ နောက်ပြီး တစ်ယောက်ကို သိန်းသုံးဆယ်နဲ့ ရွေးခိုင်းတယ် ။ ကျွန်မတို့မှာ အဲ့ဒီလောက်ငွေမရှိတော့ အခက်အခဲဖြစ်တယ်" ဟု ပန်းဆေးခိုလုံလီရှောလူငယ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မခင်သိမ့်သိမ့်ထွန်း က ပြောသည် ။
ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အနေဖြင့် ခိုလုံလီရှော လူမျိုးများ၏ အိမ်များတွင် မွေးမြူထားသည့် ဝက်နှင့် ဆိတ်များကိုလည်း သတ်ဖြတ်ပြီး ယူဆောင်သွားမှုများလည်းရှိကြောင်း သိရသည် ။
ဖမ်းဆီးခံရသည့် သူများကို အလုပ်ကြမ်းများ အတင်းအဓမ္မစေခိုင်းခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများရှိပြီး TNLA အနေဖြင့် လူမျိုးရေး ပဋိပက္ခအသွင် ဖန်တီးနေကြောင်း ခိုလုံလီရှောလူမျိုးများ က ပြောသည် ။
"ကျွန်မသားတွေကို ဖမ်းဆီးသွားတယ် ။ သူတို့က တစ်ယောက်ကို သိန်းသုံးဆယ်နှုန်းနဲ့ ပြန်ရွေးခိုင်းတယ် ။ ကျွန်မတို့မှာ ဘာမှ ပေးစရာမရှိဘူး " ဟု ခိုလုံလီရှောတိုင်းရင်းသူ မော်ဆွေရှမ်း က ပြောသည် ။
ပန်းဆေးဒေသတွင် ခိုလုံလီရှောလူမျိုးများနေထိုင်သည့် ရွာပေါင်း ၁၀၀ ကျော်ရှိပြီး အချို့ရွာများမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ကြောက်သည့်အတွက် ပြောင်းရွှေ့သွားကြကြောင်း သိရသည် ။
#The Fifth Wave News






0 comments:
Post a Comment