ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၈ ဦးကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ကြောက်လန့်စေရန် ရည်ရွယ်ချက်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်းအား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝကျေးရွာအနီးအထိ တာဝန်ယူလမ်းဖောက်လုပ်ဆောင်ရွက်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၁၃ ဦးအား မတ် ၃၀ ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၅ ဦးကို ဧပြီလ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကာ ကျန်ဝန်ထမ်း ၈ ဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။
“AA ဘက်က ကျနော်တို့တပ်တွေကို တိုက်ခိုက်တာ ၊ စစ်ရေးပစ်မှတ် မဟုတ်တော့ဘဲ ဒါဟာ အရပ်ဘက် ပစ်မှတ်တွေတောင် ဒီလိုဟာမျိုးတွေ လုပ်လာတယ်။ ဒီဟာဆိုရင် AA ရဲ့ ရည်ရွယ်ချက်သည် ဘာလဲ၊ သူတို့သည် ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်နေတယ်ဆိုပြီး အကြောင်းပြနေတဲ့အပေါ် ဒါတွေ လုပ်တယ်ဆိုရင်တော့ သူတို့ရဲ့ လမ်းစဉ်၊ သူတို့ရဲ့ မြေပြင်မှာလုပ်နေတဲ့ ဆောင်ရွက်ချက်တွေသည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်” ဟု အနောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
AA တပ်ဖွဲ့၏ ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်ဟန်၊ ဦးထွန်းအောင်ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်၊ ဦးဇော်ဝင်းကိုတို့ ဖြစ်သည်။
“ဒီလမ်းရဲ့ အကျိုးသက်ရောက်မှုဆိုတာ ၊ ဒီလိုသာ AA က နှောင့်ယှက်နေတယ်ဆိုရင် ဒီလမ်းကြီး ဖြစ်မြောက်မှုသည် သူသတ်မှတ်ထားတဲ့ရက်ထက် နောက်ကျသွားမယ်လေ။ ဒီလမ်းကြီး မြန်မြန်ပြီးသွားမယ်ဆိုရင် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးလည်း ပိုပြီးတော့ ကုန်စည်ကူးသန်းရေး ကောင်းသွားမယ်။ ပြီးတော့ ဒေသခံတွေရဲ့ လူမှုဘဝတွေလည်း ပိုပြီး ဖွံ့ဖြိုးသွားမယ်လေ။ ဒီလိုသာ လုပ်နေမယ်ဆိုရင် ခုနက ကျနော်ပြောတဲ့ အချက် ၂ ချက်သည် နောက်ကျသွားမှာပေါ့။ အဲဒါတာကြောင့်မို့ ဒေသခံပြည်သူလူထုတွေကလည်း ဒီ AA အဖွဲ့အစည်းအပေါ် နားလည်သဘောပေါက်ဖို့ လိုတယ်။ သူတို့ရဲ့ လုပ်နေတဲ့လုပ်ငန်းတွေသည် ကောင်းတဲ့လုပ်ငန်းတွေလား ၊ မကောင်းတဲ့လုပ်ငန်းတွေလား ၊ ပြည်သူ့လူထုကို အကျိုးပြုလား ၊ အကျိုးမပြုဘူးလားဆိုတာ ဒေသခံ ပြည်သူလူထုတွေ သုံးသပ်ဖို့ အချိန်တန်နေပြီ" ဟု အနောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဝန်ထမ်းများကို ဖမ်းဆီးထားခြင်းမှာ မှန်ကန်ပြီး စစ်ထောက်လှမ်းရေးနှင့် ပတ်သက်ခြင်း ရှိ၊ မရှိ စိစစ်နေကြောင်း Narinjara သတင်းဌာနက သတင်းဖော်ပြသည်။
Khit Thit Media
0 comments:
Post a Comment