သင်္ကြန်ကာလအတွင်း နေရပ်ပြန်လာသော မြန်မာလုပ်သားများသည် ယခုရက်ပိုင်းအတွင်း မြဝတီ- မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် အလုံးအရင်းဖြင့် ထိုင်းနိုင်ငံသို့ပြန်လည် ထွက်ခွာလျှက်ရှိသည်။
သတ်မှတ်ရက်ထက်နောက်ကျကာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက မူလ PassPort နှင့် Visa များ ပျက်ပြယ်မည်ဖြစ်ပြီး MOU စနစ်ဖြင့် အသစ်ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ပြန်လာတဲ့သူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့အနီးတဝိုက်က မူလလုပ်ငန်းခွင်တွေကို ပြန်မယ့်သူတွေ များပါတယ်။ ဧပြီလ (၁၇) ရက်ကတော့ ဒီတံတားကနေတဆင့် ပြန်လည်ထွက် သွားတဲ့သူ ၂၀၀၀ ကျော်လောက်ပဲရှိသေးတယ်။ နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းနဲ့ များလာတာ ဧပြီ ၂၀ ရက်ကဆိုရင် နှစ်သောင်းကျော်လောက်ရှိမယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် KTG လူမှုကူညီရေးရုံးမှ MD ကိုသားကြီးက ပြောသည်။
ယခုကဲ့သို့ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်ခြင်းကြောင့် ပြည်ဝင်ခွင့်ဗီဇာပြုလုပ်ရန်အတွက် တနေကုန်နီးပါး နေပူထဲတွင်စောင့်ဆိုင်းရကြောင်း၊ မဲဆောက်နှင့် ဘန်ကောက်ပြေးဆွဲသည့် မော်တော်ယာဉ်များ မလုံလောက်ခြင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း တံတားအနီးတွင် ဘန်ကောက်ပြန်မည့် မြန်မာလုပ်သားများ ထောင်နှင့်ချီကာ ကားမရသည့်ဒုက္ခနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
"မနက်ကတည်းက တံတားပေါ်မှာ တန်းစီနေတာ နေ့လယ် (၃)နာရီလောက်အထိ အလှည့်မကျသေးဘူး။ ပြန်တက်တဲ့လူတွေက တအားများ၊ ထိုင်းဘက်အခြမ်းမှာ တုံးထု၊ Form တွေလည်းဖြည့်နေရတော့ အချိန်ကြာတာပေါ့။ စောင့်ရတဲ့သူတွေ နေပူကြီးထဲမှာ ဒုက္ခရောက်တယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆခွန်ခရိုင် မဟာချိုင်သို့ပြန်မည့် ကိုဝင်းစိုးက ပြောသည်။
သင်္ကြန်ပွဲတော်ကာလ နေရပ်မြန်မာပြည်သို့ပြန်လာကြသော မြန်မာလုပ်သာများအနေဖြင့် (Re.Entry Visa Free) အခမဲ့ ခွင့်ပြုထားသောကာလ နောက်ဆုံးနေ့ဖြစ်သည့် (၃၀.၄.၂၀၁၉)အမီ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်။ သတ်မှတ်ရက်အတွင်း ပြန်လည်မဝင်ရောက်နိုင်ဘဲ (၁.၅.၂၀၁၉ မှ ၃၁.၅.၂၀၁၉)ရက်မှ ပြန်လည်ဝင်ရောက်ပါက ဒဏ်ကြေး (၂၀၀၀)ဘတ် ပေးဆောင်ရမည်ဖြစ်ပြီး ထိုကာလထက်နောက်ကျကာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည် ဆိုပါက မူလ PassPort နှင့် Visa ပျက်ပြယ်ပြီး MOU စနစ်ဖြင့် အသစ်ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
#News Watch









0 comments:
Post a Comment