မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ ဧပြီလ ၂ ရက်က ဘိန်းစာမှုန့် ၃၀၇ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံ ရဲစခန်းက သိရပါတယ်။
မောတောင်မြို့ ဒေသအခေါ် ဆော့ပလွတ်ချောင်းအနီးမှာ မူးယစ်ဆေးသတင်းအရ ဒုရဲမှူးအောင်ကျော်မိုးခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းရာ မောတောင်မြို့မှာ နေထိုင်တဲ့ ညီညီ(ခ)ခက်ကိုစိုး (၂၉နှစ်)နဲ့ သိန်းထိုက် (၃၄ နှစ်)တို့ကိုတွေ့ရပြီး သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပီနံအိတ်တွေကို ရှာဖွေစစ်ဆေးရာ ဘိန်းစာမှုန့် ၃၀၇ ကီလို ဖမ်းဆီးရမိခဲ့တာပါ။
မောတောင် နယ်မြေရဲစခန်း ဒုရဲမှူးအောင်ကျော်မိုးက “ထိုင်း-မြန်မာနယ်စပ် ဆော့ပလွတ်တောင်မှာ ဘိန်းစာမှုန့် ဆာလာအိတ်နဲ့ ၁၂ အိတ်မိ တယ်။ အလေးချိန် ၃၀၇ ကီလိုရှိတယ်။ ဒီဘိန်းစာမှုန့်တွေက မြန်မာဘက်ကနေ ထိုင်းဘက်ကို ထုတ်မယ့် ဘိန်းစာမှုန့်တွေပါ။ ဒေသပေါက်ဈေးနဲ့ဆို ကျပ်သိန်း ၂၀၀ နီးပါးရှိတယ်”လို့ ပြောပါတယ်။
ဘိန်းစာမှုန့်တွေ လက်ဝယ်ထားရှိ သယ်ဆောင်လာတဲ့ ညီညီ(ခ)ခက်ကိုစိုးနဲ့ သိန်းထိုက် တို့ ၂ ဦးကို မောတောင်နယ်မြေရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၂(က)နဲ့ အရေးယူထားပါတယ်။
သတင်း – မြတ်ထွဋ် (မြိတ်)
DVB
0 comments:
Post a Comment