Friday, May 1, 2020

COVID-19လူနာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ချင်းပြည်နယ်အတွင်း လော့ဒေါင်းကျနေတဲ့ ကပ်တဲလ်ရွာ ဆန်စပြတ်ပြီ

Image may contain: plant, outdoor and nature

မြန်မာနိုင်ငံရဲ့ COVID-19လူနာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းက ကပ်တဲလ်ကျေးရွာဟာ လော့ဒေါင်းသတ်မှတ်ခံထားရတာ ရက်ပေါင်း ၃၉ ရက်အထိ ကြာမြင့်လာပြီဖြစ်တဲ့အတွက် ကျေးရွာအတွင်းမှာ နေထိုင်တဲ့ ကျေးရွာသူ၊ကျေးရွာသားတွေအနေနဲ့ ဆန်ပြတ်လပ်မှု နဲ့ စတင်ရင်ဆိုင်နေရပြီ ဖြစ်တယ်လို့ ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင် က ပြောပါတယ်။

"အစိုးရ နဲ့ အခြားအဖွဲ့အစည်းက ထောက်ပံ့တဲ့ ဆန်တွေကို ရွာမှာ လူဦးရေအလိုက် ဝေလိုက်တော့ လူတစ်ဦးကို ရက်ပေါင်း(၂၀)စာပဲ ရတယ်။အခုက လော့ဒေါင်း ကာလကလည်း တစ်လ နဲ့ တစ်ပတ် ရှိပြီဆိုတော့ ရိက္ခာက ပြတ်လပ်နေပြီ။အခု ဘာမှပေါ်မလာဘူးဆိုရင် ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားနေရပြီ" လို့ အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင် က ပြောပါတယ်။
ကပ်တဲလ်ကျေးရွာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့လူနာကို တွေ့ရှိပြီးတော့ အဲ့ဒီကျေးရွာကို မတ်လ ၂၄ ရက်နေ့က စတင်ပြီး Lockdown သတ်မှတ်ခဲ့တာပါ။
အဲ့လို သတ်မှတ်ခဲ့တာဟာ ဒီကနေ့ မေလ ၁ ရက်နေ့ဆိုရင် ရက်ပေါင်း(၃၉)ရက်အထိ ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ကျေးရွာကို Lockdownအဖြစ် စတင်သတ်မှတ်ချိန်က ပြည်နယ်အစိုးရအဖွဲ့နဲ့ ပရဟိတအဖွဲ့တွေ ပေးလှူခဲ့တဲ့ ဆန်အိတ်ပေါင်း ၉၀၀ ကျော်ဟာ ရွာမှာရှိတဲ့ လူဦးရေသုံးထောင့်ခြောက်ရာကို ပေးဝေလိုက်တဲ့အခါမှာတော့ လူတစ်ယောက် ကို ရက် (၂၀)စာလောက်ပဲရတဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်တာနဲ့ စတင်ရင်ဆိုင်နေရတာလို့ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ဒီအခြေအနေ နဲ့ ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပြောပြတာက "ပြည်နယ်ကော်မတီ ကို စာနဲ့တင်ပြထားတယ်။ကော်မတီမှာက ဝန်ကြီးချုပ်ဦးဆောင်မှု နဲ့ ဖြစ်နေတော့အစည်းအဝေးမှာ တင်ပြဖို့ စာတင်ထားတယ်။ဘာမှတော့ မဆုံးဖြတ်ရသေးဘူး" လို့ပြောပါတယ်။
တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူနာ ၄ ဦး တွေ့ရှိခဲ့ပြီး တီးတိန်မြို့ပေါ်ကနေ လူနာ ၁ ဦးနဲ့စုစုပေါင်း လူနာ ၅ ဦးဟာ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြတာ ဖြစ်ပါတယ်။
အဲ့ဒီထဲက ပထမဆုံးရောဂါပိုးတွေ့ရှိသူဟာ ရောဂါပိုး မရှိတော့လို့ ဧပြီလ ၂၉ ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီး နေအိမ်ခြေချုပ်စောင့်ကြည့်အဖြစ် ထားရှိပါတယ်။
ကျန်တဲ့ လူနာ ၄ ဦးကလည်း ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တဲ့အတွက် ကပ်တဲလ်ကျေးရွာကို Lockdown သတ်မှတ်မှုကနေပြန်ဖြည်ဖို့ ဧပြီလ ၂၉ ရက်နေ့ထဲက ပြည်နယ် အစိုးရအဖွဲ့ မှ ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာတင်ခဲ့ပါတယ်။စာတင်ပြခဲ့ပေမယ့်လည်း ဒီကနေ့အထိ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေဆီကနေပြန်လည်အကြောင်းကြားစာ မရရှိသေးဘူးလို့ သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment