Sunday, June 28, 2020

COVID-19 ဟာ ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း လေ့လာမှုတစ်ရပ်က တွေ့ရှိ

ဗြိတိန်မှာ ဆေးရုံတက်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို ပဏာမလေ့လာမှုအရ ကိုရိုနာဗိုင်းရပ်စ်ဟာ လူနာတွေရဲ့ ဦးနှောက်ကို ပျက်စီးစေပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာ လေဖြတ်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ စိတ်ရောဂါနဲ့ နာတာရှည် စိတ်ရောဂါများ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။
သုတေသီတွေဟာ COVID-19 ရဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ပထမဆုံးအကြိမ် အသေးစိတ် ကြည့်ရှု့လေ့လာခဲ့ကြပြီး ကုသမှုအတွက်ကတော့ ပိုမိုကြီးမားတဲ့ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဦးနှောက်ရဲ့ ဆက်စပ်မှုကိုပြသနေပြီး ဗိုင်းရပ်စ်ကို အပြည့်အဝနားလည်ဖို့ ဒီလိုမျိုး အချက်အလက်တွေ ဆက်လက်စုဆောင်းဖို့ အရေးကြီးတယ်လို့ University College London မှ ပရောဖက်ဆာ Sarah Pett က ပြောကြားပါတယ်။ အဆိုပါ တွေ့ရှိချက်ဟာ ဗြိတိန်ရှိ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၂၅ ဦးကို အသေးစိတ်လေ့လာခဲ့ရာမှ တွေ့ရှိခဲ့တာဖြစ်ပြီး Lancet Psychiatry ဂျာနယ်မှာ ကြာသပတေးနေ့ ( ဇွန် ၂၅ ) က ဖော်ပြခဲ့ပါတယ်။
အများဆုံးတွေ့ရတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကြောင့် လေဖြတ်ခဲ့တဲ့ လူနာဟာ ၁၂၅ ယောက်မှာ ၇၇ ယောက်ရှိနေပြီး အများစုဟာ အသက် ၆၀ ကျော်သူတွေ ဖြစ်နေပါတယ်။ လူနာ ၁၂၅ ဦးမှာ ၃၉ ဦးဟာ စိတ်ရှုပ်ထွေးခြင်း(သို့) ရူးသွပ်သွားတဲ့ ပုံစံမျိုး တွေ့ရပြီး နောက်ထပ် ၉ ယောက်မှာတော့ encephalopathy လို့ခေါ်တဲ့ ဦးနှောက်ကမောက်ကမဖြစ်မှုတွေ ရှိနေကာ ကျန်တဲ့ ၇ ယောက်မှာတော့ ဦးနှောက်ရောင်ရမ်းတဲ့ အခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ်။ တွေ့ရှိချက်တွေဟာ ဦးနှောက်အပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ အ ကျိုးသက်ရောက်မှုကို သတ်မှတ်ဖို့ အစောဆုံး အဆင့်ဖြစ်တယ်လို့ လေ့လာမှုမှာ ဦးဆောင်ခဲ့သူ Benedict Michael က ပြောကြားခဲ့ပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment