Monday, October 1, 2018

တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်သည့် ပုဒ်မ ၂၆၁ ကိုပြင်ဆင်ပါက တပ်မတော်က ကန့်ကွက်မည်မဟုတ်ဟုဆို



တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပါက တပ်မတော်က ကန့်ကွက်မည်မဟုတ်ကြောင်း ချင်းသုံးပါတီပေါင်းစည်းသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ဦးနိုထန်ကပ်က The Ladies News သို့ ပြောကြားသည်။ 
`ပုဒ်မ ၂၆၁ ကိုပြောတာပါ။ ပုဒ်မ ၂၆၁ က ဖက်ဒရယ်ကိုလိုချင်တဲ့ NLD က ပြင်ဆင်ဖို့ အသံမကြားရတော့ ကျွန်တော်တို့ အားမရဘူး။ အဲဒါ တပ်မတော်ကလည်း ကန့်ကွက်မယ်လို့ မထင်ဘူးလေ` ဟု ဦးနိုထန်ကပ်က ပြောကြားသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တွင် နိုငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တိုက်ရိုက်ခန့်ထားနိုင်သည်ဟု ပြဋ္ဌာန်းလေရာ ထိုသို့ သမ္မတက တိုက်ရိုက်ခန့်ထားသည့် နေရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ၀န်ကြီးချုပ်ကို ခန့်ထားသည့် ပုံစံကို တိုင်းရင်းသားပါတီများ ပြင်ဆင်လိုကြသည်။ 

ဖက်ဒရယ်ကိုလိုချင်သည်ဟု ပြောဆိုထားသော NLD သည် ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့သည့်အခါ ရခိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်တွင် တိုင်းရင်းသားပါတီက အများစုအနိုင်ရရှိခဲ့ပေမယ့် ပုဒ်မ ၂၆၁ အရ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကိုသာ ၀န်ကြီးချုပ် တင်မြှောက်ခဲ့သည့်အတွက် တိုင်းရင်းသားများက စိတ်မကောင်းဖြစ်ရသည်ဟု ဦးနိုထန်ကပ်က ပြောကြားသည်။ 

`ပုဒ်မ ၂၆၁ ကို NLD ကပဲ အသုံးချနေသလားလို့။ ဒါဆိုရင် ဖက်ဒရယ်လိုချင်တယ်ဆိုတဲ့စကားက လက်တွေ့ကျကျ လိုကောလိုချင်ရဲ့လားဆိုတဲ့ မေးခွန်းကထွက်လာတာ၊ အဲဒါနဲ့ ကျွန်တော်တို့ ပါတီပေါင်းတဲ့အခါ ဒီဟာကို ကျွန်တော်တို့ ဖြစ်စေချင်တာက ကချင်မှာဆို ကချင်လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ရွေးပါစေ။ ချင်းပြည်နယ်မှာဆိုလည်း ချင်းလွှတ်တော်ကိုယ်စားလှယ်တွေကပဲ ရွေးပါစေ၊ တိုက်ရိုက် ပြည်မကြီးကနေ မခန့်ပေးနဲ့လို့ ပြောတာ` ဟု ၄င်းပြောကြားသည်။ 

ဖက်ဒရယ်ကိုသွားမည်ဆိုပါက ပုဒ်မ ၂၆၁ ကို ပြင်ကိုပြင်ဆင်ရမည်ဖြစ်ပြီး သို့သော် လွှတ်တော်ထဲတွင် NLD လွှတ်တော်ကိုယ်စားလှယ်က အများစုဖြစ်သောကြောင့် ၂၆၁ အား ပြင်ဆင်နိုင်ရေးသည် NLD အပေါ်တွင် မူတည်နေပြီး ပြင်ဆင်မည်ဆိုပါကလည်း တပ်မတော်ဘက်မှလည်း ကန့်ကွက်မည်မဟုတ်ကြောင်း အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့် မနွယ်သည့် ပုဒ်မထဲတွင် ၂၆၁ ပါဝင်သည်ဟု ဆိုသည်။ 

အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment