Tuesday, October 30, 2018

ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပွား၍ လားရှိုးမြို့ပေါ်သို့ စစ်ရှောင်တစ်ထောင်ကျော် လာရောက်ခိုလှုံ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းပူးပေါင်းအဖွဲ့ နှင့် RCSS / SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေမှုကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံ တစ်ထောင်ကျော်မှာ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်း၌ ခိုလှုံလျက်ရှိသည်။ 
“အောက်တိုဘာလ၂၈ ရက်နေ့တည်းက တစ်ရွာပြီးတစ်ရွာ ဘုန်းဘုန်းရဲ့ကျောင်းကိုရောက်လာကြတယ်။ ဒီနေ့လည်း ထပ်ရောက်လာဦးမယ်။ မက်မန်ရွာခရစ် ယာန်ကျောင်းက ရွာသားတွေကို သွားကြိုနေတယ်။ လက်ရှိ ရှိနေတာကတော့ လူတစ်ထောင်ကျော်ရှိတယ်” ဟု လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္ဒပုညာနန္ဒက မိန့်ကြားသည်။ 

ပြီးခဲ့သည့်အောက်တိုဘာလ ၂၄ ရက် နေ့က လားရှိုးမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် မန်ပိန်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာများ မှဒေသခံရွာသားများသည် အီနိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံခဲ့ရာ ယင်းကျေးရွာအနီးတွင်လည်း ပစ်ခတ်မှုများရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ စစ်ရေးတင်းမာနေမှုကြောင့် ယခုကဲ့သို့ လားရှိုးမြို့ပေါ်သို့ ထပ်မံပြောင်းရွှေ့ခိုလှုံကြခြင်းဖြစ်ကြောင်း စစ်ရှောင်ဒေသခံများက ပြောကြားသည်။  

အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ ညပိုင်းအထိ မန်ဆူရှမ်းကျောင်း သို့ရောက်ရှိလာသည့် စစ်ရှောင်အိမ်ထောင်စုပေါင်း ၂၈၀ စု၊ လူဦးရေစုစုပေါင်း ၁၁၃၁ ဦး ရှိကြောင်း လားရှိုးမြို့ရှိဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောကြားသည်။ 

အဆိုပါစစ်ရှောင်များမှာ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာအုပ်စုအတွင်းရှိ အီနိုင်း၊ မမ်တီး၊ မိုင်းရင်၊ ကောင်းဆန့်၊ ကျဲကျေး၊ ကောင်းကြဲ၊ နောင်ကွမ်း၊ နမ့်စွမ်၊ မိုင်းတင်နှင့် လွယ်တောက်ကျေးရွာများမှ ရောက်ရှိလာခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့ပြင် မက်မန်ကျောင်းမှ အိမ်ထောင်စု ၅၀၊ လူဦးရေ ၂၀၇ ဦးကိုလည်း အောက် တိုဘာလ ၃၀ ရက်နေ့တွင် သွားရောက် ခေါ်ဆောင်လျက်ရှိရာ စစ်ရှောင်အရေ အတွက်ထပ်မံတိုးလာနိုင်သေးကြောင်း မန်ဆူရှမ်းကျောင်းဆရာတော်ထံမှ သိရသည်။ 

“လက်နက်ကိုင်တွေ အိမ်ထဲဝင်ရှာတယ်။ ဟိုကြည့်ဒီကြည့်လုပ်ပြီးပြန်ထွက်သွားတယ်။ ကျွန်မကလေးလေးယောက်ပဲ ခေါ်လာရတယ်။ ကြောက်လို့ ဘာမှမယူနိုင်ဘဲ ဒီကိုရောက်လာကြတာ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ 

လတ်တလောတွင် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူ (ရှမ်း) ကျောင်းရှိ အဆောက်အအုံသုံးခုတွင် နီးစပ်ရာကျေးရွာများအလိုက် နေရာချထားပေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် အလှူရှင်များက စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ လာရောက်လှူဒါန်းထောက်ပံ့ပေးလျက်ရှိသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်မိသားစုဝင်များက တိုက်ပွဲရှောင်သူများအတွက် ဆန်နှင့်ကြက်ဥအပါအဝင် စားနပ်ရိက္ခာများကို လာရောက်လှူဒါန်းခဲ့သည်။ 

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း စစ်ရှောင်ဒေသခံများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးနှင့် ငွေကြေးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနကလည်း တိုက်ပွဲရှောင်သူများအနက်မှ ငါးနှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစကလေးနှင့် သက်ကြီးရွယ်အိုများ စာရင်းကို ကောက်ယူလျက်ရှိသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသော်လည်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်သံများမကြားရကြောင်း ဒေသခံများထံမှ သိရသည်။

The Voice

0 comments:

Post a Comment