Tuesday, February 26, 2019

မြို့နယ်မှ တိုင်ကြားသဖြင့် ချင်းလွှတ်တော် ဒုဥက္ကဋ္ဌကို တာဝန်မှ နုတ်ထွက်ခိုင်းဟု ပြည်နယ်ပါတီဥက္ကဋ္ဌ ပြော


သက်ဆိုင်ရာမဲဆန္ဒနယ်မှ တိုင်ကြားမှုကြောင့် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌကို တာဝန်မှ နုတ်ထွက်ခိုင်းခြင်းဖြစ်ကြောင်း ချင်းပြည်နယ် NLD ဥက္ကဋ္ဌ ဦးဇိုဘွဲ့က ပြောကြားသည်။ 
"တိုင်စာက ပါတီဗဟိုကို တိုင်တဲ့စာဆိုတော့ ဘာကြောင့် တိုင်ကြားတယ်ဆိုတာ မသိရဘူး။ တာဝန်က နုတ်ထွက်စေဖို့ကလည်း ဗဟိုကပဲ ဆုံးဖြတ်တာပါ" ဟု ၎င်းက ပြောသည်။ 
၂၀၁၅ ရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ အနိုင်ရရှိခဲ့သည့် ဦးအောင်သန်းသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံထားရပြီး ယင်းတာဝန်မှနုတ်ထွက်လျှင် ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေမည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဇိုဘွဲ့က ရှင်းပြသည်။ 
"အခုထိတော့ နုတ်မထွက်သေးဘူး။ မနက်ဖြန်သဘက်ခါတော့ နုတ်ထွက်မယ်ထင်တယ်" ဟု ဦးဇိုဘွဲ့က ဆိုသည်။ 
မည်သည့်ပြစ်ချက်ကြောင့် နုတ်ထွက်ခိုင်းသည်ကို သိရှိနိုင်ရန် ကာ ယကံရှင်ဖြစ်သူ ဦးအောင်သန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။ 
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မတူပီမြို့ဘက်အထွက် မင်းတပ်မြို့တွင်းလမ်းပိုင်း လမ်းတာချဲ့ခြင်းကြောင့် ဒေသခံအချို့ကို နစ်နာကြေးပေးမှုနှင့်ပတ်သက်၍ တိုင်ကြားခံရသည်ဟု ကြားသိရကြောင်း မင်းတပ်မြို့ မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောသည်။ 
" နစ်နာကြေးပေးတာ မမျှတလို့ တိုင်တယ်လို့ ကြားရတယ်။ အစက ဘယ်သူဘယ်လောက် ပေးလျော်ရမယ်ဆိုတာ တတ်ကျွမ်းတဲ့သူတွေနဲ့တွက်ချက်ပြီး လျော်မယ်ဆိုပေမယ့် နောက်တော့ ဦးအောင်သန်းက ဒိုင်ခံ(တာဝန်ခံ)ပြီးပေးတယ်။ အဲဒီမှာ မမျှတဘူးဆိုပြီး တိုင်ကြတယ်လို့ သိရတယ်။ ဘယ်သူတွေ တိုင်တယ်ဆိုတာကတော့ မသိရဘူး " ဟု ဦးတိတ်ထန်းက ပြောဆိုသည်။ 
ဦးအောင်သန်းသည် မိမိဆန္ဒသဘောထားအတိုင်း နုတ်ထွက်မည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်အစိုးရတာဝန်ရှိသူအချို့ ရှေ့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကတိပြုခဲ့သော်လည်း တာဝန်မှ နုတ်ထွက်ခြင်းမရှိသဖြင့် ဖေဖော်ဝါရီလ ၂၃ ရက် နောက်ဆုံးထား နုတ်ထွက်ရန် နောက်ဆုံးအကြိမ်သတိပေးကြောင်း NLD ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးထားသည့် စာသည် ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ 
မိမိဆန္ဒအတိုင်း မနုတ်ထွက်လျှင် လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ (Impeachment) နုတ်ထွက်စေမည်ဖြစ်ကြောင်းလည်း ယင်းစာတွင် ဖော်ပြထားသည်။ 
မိမိနှင့် မဲဆန္ဒနယ်တူ ကိုယ်စားလှယ်တစ်ဦးကို ယင်းကဲ့သို့ တာဝန်မှ နုတ်ထွက်စေခြင်းအပေါ် ဝမ်းနည်းသော်လည်း ပါတီက အပြစ်ရှိသည်ဟု ယူဆလျှင် ထုတ်ပယ်ခံရမည်ပင် ဖြစ်ကြောင်း ဦးတိတ်ထန်းက ဆိုသည်။ 
" ကယ်လို့ရမှာမဟုတ်ဘူး " ဟု ၎င်းက ပြောသည်။ 
ဦးအောင်သန်းအနေဖြင့် ကျူးလွန်သည့်ပြစ်မှု(သို့မဟုတ်) တာဝန်မှ လစ်ဟင်းမှုရှိခဲ့လျှင် သက်ဆိုင်ရာ အစိုးရ၊ သက်ဆိုင်ရာ လွှတ်တော်အနေဖြင့်သာ တာဝန်မှရပ်ဆိုင်းသည့် ဆောင်ရွက်ချက်မှ ပြုလုပ်ရမည်ဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်များအနေဖြင့် ပါဝင်စွက်ဖက်ဖိအားပေးခြင်းမှာ နိုင်ငံတော်၏အဓိကမဏ္ဍိုင်ဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်များအား မထီမဲ့မြင် ပါဝင်စွက်ဖက်ခြင်းသာဖြစ်ကြောင်း မင်းတပ် အရပ်ဖက်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလအတွင်းကလည်း ပြည်သူတို့၏ မျှော်လင့်ချက်ကို အချိန်မီ မဖြည့်ဆည်းပေးနိုင်ဟုဆိုကာ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မိမိဆန္ဒအလျှောက် နုတ်ထွက်စေခဲ့သည်။ 

The Voice Journal

0 comments:

Post a Comment