
ဘိုးအင်းကုမ္ပဏီက ၎င်း၏ 737 Max 8 လေယာဉ်သည် အမေရိကန်ပြည်ထောင်စုအတွင်း ပြေးဆွဲရန် စိတ်ချရသည်ဟု ပြောဆိုသော်လည်း အမေရိကန် ဖက်ဒရယ် လေကြောင်းအာဏာပိုင်အဖွဲ့က ယင်းလေယာဉ်များအား ပြင်းဆင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဖက်ဒရယ် လေကြောင်းအာဏာပိုင်အဖွဲ့ FAA က လွန်ခဲ့သောငါးလအတွင်း နှစ်ကြိမ်ပျက်ကျခဲ့သော လေယာဉ်အမျိုးအစားကို ပြင်ဆင်ရန် တောင်းဆိုလိုက်သော်လည်း ယင်းလေယာဉ်များအား မြေပြင်မှမတက်ရန် ညွှန်ကြားခြင်း မပြုပေ။
FAA က ဘိုးအင်းကုမ္ပဏီအား ဧပြီလကုန် နောက်ဆုံးထား၍ anti stall ဆော့ဖ်ဝဲနှင့် ပျံသန်းမှုစနစ် အပါအဝင် ပြောင်းလဲမှုများပြုလုပ်ရန် မျှော်လင့်ကြောင်း အသိပေးထားသည်။ ထို့ပြင် လေ့ကျင့်ရေး သတ်မှတ်ချက်များနှင့် လေယာဉ်မောင်းလက်စွဲများကိုလည်း ဘိုးအင်းက အသစ်မွမ်းမံလိမ့်မည်ဟု ပြောကြားသည်။
အကယ်၍ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်နိုင်သောကိစ္စရပ်များ စိစစ်တွေ့ရှိရပါက ချက်ချင်း အရေးယူ ဆောင်ရွက်သွားမည်ဟု FAA က ထုတ်ပြန်ထားသည်။
FAA ၏ ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ဘိုးအင်းက ၎င်း၏ 737 Max 8 လေယာဉ် ဆော့ဖ်ဝဲကို အဆင့်မြှင့်မွမ်းမံမည်ဟု ပြောကြားသည်။
အမေရိကန် ပို့ဆောင်ရေးဝန်ကြီး အီလိန်းခါအိုကလည်း ယခုကိစ္စကို လေကြောင်းအာဏာပိုင်များက ဦးစားပေးကိုင်တွယ်နေကြောင်းနှင့် နောက်ဆုံးဖြစ်ပေါ်မှုများကို စောင့်ကြည့်နေကြောင်း ပြောကြားကာ ခရီးသည်များကို အာမခံချက်ပေးသည်။
တနင်္ဂနွေနေ့က အီသီယိုးပီးယား လေကြောင်းလိုင်းမှ 737 Max 8 လေယာဉ် ပျက်ကျကာ လူ ၁၅၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီးနောက် တရုတ်နှင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံများစွာက 737 Max 8 လေယာဉ်များကို မပျံသန်းတော့ဘဲ ရပ်နားထားလိုက်သည့်အချိန်တွင် အဆိုပါထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
တနင်္လာနေ့အစောပိုင်းတွင် အီသီယိုးပီးယားလေယာဉ်ပျက်မှ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် black box နှစ်လုံးကို စုံစမ်းစစ်ဆေးသူများက ရှာတွေ့ခဲ့ပြီဖြစ်ရာ လေယာဉ်ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ရသည့် အကြောင်းရင်းကို ကူညီဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
ဘိုးအင်းကုမ္ပဏီကမူ ၎င်း၏ 737 Max 8 စီးရီး လေယာဉ်များ၏ ဘေးကင်းလုံခြုံမှုအပေါ် ယုံကြည်စိတ်ချမှုရှိသည်ဟု ပြောဆိုထားသည်။
တနင်္လာနေ့က စတော့ဈေးကွက်တွင် ဘိုးအင်းကုမ္ပဏီ၏ အစုရှယ်ယာဈေး နှုန်း ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
The Voice






0 comments:
Post a Comment