Tuesday, March 12, 2019

5G ကွန်ရက်အတွက် စိတ်မချရသောကုမ္ပဏီများအား အသုံးပြုမှုနှင့်ပတ်သက်၍ ဂျာမနီကို အမေရိကန်သတိပေး


5G ဆက်သွယ်ရေးကွန်ရက်တွင် စိတ်မချရသော ကုမ္ပဏီများ၏ ထုတ်ကုန်များကို အသုံးပြုပါက အရေးကြီးသော ဆက်သွယ်ဆောင်ရွက်မှုများတွင် ဘေးအန္တရာယ်ရှိလာနိုင်ခြင်းကို အမေရိကန်က ဂျာမနီကို တနင်္လာနေ့တွင် သတိပေးလိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။ 


အဆိုပါသတိပေးစာကို အမေရိကန်က ဂျာမနီစီးပွားရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်းဖြစ်သည်ဟု Wall Street Journal က ရေးသားသည်။ 



ဂျာမနီနိုင်ငံ၏ 5G ကွန်ရက်တွင် Huawei အပါအဝင် အခြားတရုတ်နိုင်ငံ လုပ်ပစ္စည်းများ တပ်ဆင်ထားပါက ဂျာမနီ ထောက်လှမ်းရေးဌာနများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အမေရိကန်ဘက်မှ ဆက်လက်ထိန်းသိမ်းရန် မဖြစ်နိုင်ကြောင်း အမေရိကန်သံအမတ်ကြီး ရစ်ချတ်အေဂရင်နယ်က ဂျာမနီ စီးပွားရေးဝန်ကြီး ပီတာအယ်မေယာထံ စာဖြင့်ရေးသားပေးပို့ခဲ့သည်။ 



မဟာမိတ်နိုင်ငံ၏ 5G ကွန်ရက်တွင် စိတ်မချရသောပစ္စည်းများ ရှိနေခြင်းသည် ထိုနိုင်ငံအတွင်း ဆက်သွယ်မှုများအပြင် ထိုနိုင်ငံနှင့် မဟာမိတ်နိုင်ငံများအကြား ဆက်သွယ်မှုများတွင် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ သံသယမေးခွန်းထုတ်စရာ ရှိလာကြောင်း၊ ထိုအချက်သည် အနာဂတ်တွင် အလွယ်တကူ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် ဖလှယ်မှုတို့ကို ထိခိုက်စေနိုင်ကြောင်း အမေရိကန် သံအမတ်၏ပေးစာတွင် ဖော်ပြထားသည်။ 



တရုတ် Huawei နည်းပညာကုမ္ပဏီသည် လုံခြုံရေးစိတ်မချရဟု စွပ်စွဲခံရမှုနှင့် အမေရိကန်ဈေးကွက်အတွင်း ပိတ်ပင်ခံရမှုတို့ကြောင့် အမေရိကန်အစိုးရအား မကြာသေးမီက တရားစွဲဆိုခဲ့သည်။ 



ဂျာမနီ စီးပွားရေးဝန်ကြီးဌာနက အဆိုပါပေးစာကို လက်ခံရရှိကြောင်း အတည်ပြုပြောကြားသည်။ သို့ရာတွင် ဝန်ကြီးအယ်လ်မေယာက ပေးစာပါ အကြောင်းအရာနှင့် ပတ်သက်၍ချက်ချင်း မှတ်ချက်မပေးနိုင်သော်လည်း မြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ 



ဂျာမနီသည် Huawei ကို ပိတ်ပင်လိုခြင်းမရှိသော်လည်း 5G ကွန်ရက်တွင် အသုံးပြုသော အစိတ်အပိုင်းများအားလုံးကို အာမခံချက်ပေးရန် ဥပဒေကို ပြင်ဆင်မည်ဖြစ်ပြီး ဥပဒေပိုင်းပြင်ဆင်ချက်များကို အပြီးသတ်ရေးဆွဲနေသည်ဟု ဝန်ကြီး အယ်လ်မေယာက ကြာသပတေးနေ့က ပြောဆိုထားသည်။ 



အဓိပတိမာကယ်လ်ကလည်း ဂျာမနီဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြုခဲ့သော အချက်အလက်များကိုကုမ္ပဏီက တရုတ်အစိုးရထံ အသာတကြည် မပေးကြောင်း သေချာစေရန် ဘေဂျင်းနှင့် ဆွေးနွေးဖို့ လိုအပ်သည်ဟု မှတ်ချက်ပေးထားသည်။ 



အမေရိကန်နှင့် အနောက်နိုင်ငံ အများစုသည် လုံခြုံရေးစိုးရိမ်ရမှုကြောင့် 5G ကွန်ရက်တွင် Huawei နည်းပညာ ပစ္စည်းများကို အသုံးမပြုရန် ပိတ်ပင်ထားသည်။ Huawei နှင့် အမေရိကန်အစိုးရအကြား အပြန်အလှန် တရားစွဲဆိုမှုများသည်လည်း အမေရိကန်နှင့် တရုတ်အကြား အငြင်းပွားနေသော ကုန်သွယ်ရေးပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 



Huawei ဘဏ္ဍာရေးအရာရှိချုပ် မင်ဝမ်ရှုသည် အီရန်အရေးယူပိတ်ဆို့မှု စည်းကမ်းချိုးဖောက်မှုဖြင့် ကနေဒါနိုင်ငံတွင် ထိန်းသိမ်းခံနေရပြီး အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ 

The Voice

0 comments:

Post a Comment