Thursday, March 14, 2019

ဘိုးအင်း 737 Max လေယာဉ်များလေပိုင်နက်အတွင်း ဝင်လာခွင့် ဂျပန်ပိတ်ပင်


တနင်္ဂနွေနေ့က အလယ်အလတ်အရွယ် ဘိုးအင်း 737 Max လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါ လူ ၁၅၇ ဦးသေဆုံးခဲ့ပြီးနောက်တွင် နိုင်ငံအများအပြားက အဆိုပါ လေယာဉ်ပျံသန်းခြင်းများကို ရပ်ဆိုင်းထားရာ ဂျပန်ကလည်း ၎င်း၏ လေပိုင်နက်အတွင်း အဆိုပါခရီးသည်လေယာဉ်များ မပျံကြရန် ပိတ်ပင်လိုက်သည်ဟု Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။ 
737 ဖြင့် ပျံသန်းသော နိုင်ငံခြားလေကြောင်းလိုင်းများအနေနှင့် ဂျပန်လေဆိပ်များသို့ မလာရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

“လေယာဉ်တွေဟာ လုံခြုံမယ်လို့ အတည်မပြုနိုင်မချင်း ပိတ်ပင်ခြင်းကို ဖယ်ရှားမှာမဟုတ်ပါဘူး”ဟု ဝန်ကြီးဌာနအရာရှိက AFP ကို ပြောကြားသည်။ 

ANA နီပွန် လေကြောင်းလိုင်းက အဆိုပါ လေယာဉ်အစင်း ၃၀ ဝယ်ယူရန် စီစဉ်ထားရှိသော်လည်း မည်သည့် ဂျပန်လေကြောင်းလိုင်းမှ 737 Max လေယာဉ် ပိုင်ဆိုင်ခြင်းမရှိပေ။ 

ANA ၏ ဝယ်ယူရန် စီစဉ်ထားရှိမှုအပေါ် ဝန်ကြီးဌာနက တစ်စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိပေ။ 

“ဝယ်မဝယ်ကိစ္စကိုမူ ပုဂ္ဂလိက ကုမ္ပဏီတွေက ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားရမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဌာနက မှတ်ချက်ပေးထားသည်။ 

အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံ လေကြောင်းလိုင်းများက ၎င်းတို့၏ 737 လေယာဉ်များကို မထွက်စေဘဲ စစ်ဆေးလျက်ရှိသည်။ 

တနင်္ဂနွေနေ့က အီသီယိုးပီးယား လေကြောင်းလိုင်း၏ 737 လေယာဉ်ပျက်ကျခြင်း၊ အောက်တိုဘာလက အင်ဒိုနီးရှားတွင် ပျက်ကျခြင်းတို့တွင် ဆင်တူကိစ္စရပ်များ ဖြစ်ပေါ်နေသည်ဟု လေကြောင်းလိုင်းများကဆိုသည်။ 

အီသီယိုးပီးယားလေကြောင်းလိုင်းမှ ပျက်ကျလေယာဉ်၏ ပျံသန်းမှုမှတ်တမ်း blackbox ကို ပဲရစ်သို့ပို့ကာ စစ်ဆေးသုံးသပ်လျက်ရှိသည်။ 

၇၃၇ လေယာဉ်များကို ရပ်နားထားခြင်း ကိစ္စအပေါ် ဘိုးအင်းကုမ္ပဏီက ထောက်ခံကြောင်း ကြေညာချက်ထုတ်ထားသည်။ 

The Voice

0 comments:

Post a Comment