မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းအား AA ၏ နှောင့်ယှက် တိုက်ခိုက်မှုကို သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးဖြင့် ထိရောက်စွာလုပ်ဆောင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး နယ်စပ်မှတ်တိုင် အမှတ် ဘီပီ-၆၇ နှင့် ဘီပီ-၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား မတ် ၉ ရက် နေ့လည်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၂ဝဝ ဦးခန့်က နေရာများ ဖြန့်ခွဲ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း မှတဆင့် နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
ထိုသို့နှောင့်ယှက် တိုက်ခိုက် လာခဲ့သဖြင့် ဆောက်လုပ်ရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း လုပ်ငန်းများ နှောင့်ယှက်ဖျက်ဆီး မခံရစေရေး၊ ဆောက်လုပ်ရေး လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ပြန်လည် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေး လုပ်သားများ လုံခြုံရေးအတွက် လက်ရှိ လုပ်ငန်းခွင်မှ လုံခြုံသော နေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သယ်ဆောင်ခြင်း မပြုနိုင်သော ခြံစည်းရိုးလုပ်ငန်းသုံး စက်ယန္တရားများအား လုပ်ငန်းခွင် နေရာတွင် ထားခဲ့ရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား တရားမဝင်လူများ ခိုးဝင်၊ခိုးထွက် မရှိစေရေး၊ ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေး၊ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးတို့အတွက် ၂ဝ၁ဝ ခုနှစ်မှ စတင်၍ အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ နယ်စပ်ခြံစည်းရိုး မှတ်တိုင်အမှတ် ၆၇ အထိ ၁၂၉.၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးနှင့် ဒေသခံ တိုင်းရင်းသားများ လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ဆောင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ယခုကဲ့သို့ နှောင့်ယှက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခြင်းသည် နိုင်ငံတော်၏ နယ်မြေပိုင်နက် လုံခြုံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့အား နှောင့်ယှက်ဖျက်ဆီးခြင်း ဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးအား ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Ladies News







0 comments:
Post a Comment