ဦးနေဝင်း၏ မြေးဖြစ်သူ ပိုင်ဆိုင်သော Omni Focus ကုမ္ပဏီ၏ ဘတ်စ်ကားများကို အလကား စီးနင်းသူများသောကြောင့် ဘဏ်ချေးငွေပြန်ဆပ်ရန် အခက်ကြုံနေဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းအနေ ဖြင့် တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးကျော်နေဝင်းက ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ဦးကျော်နေ၀င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
“အဲဒါပြောတာ အကုန်လုံးသည် ဦးကျော်ဇေယျအနေနဲ့ ပြောတာပါ။ ဦးကျော်ဇေယျပြောတာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျမှာ တာဝန်ရှိပါတယ်။ ကော်မတီမှာ ကျွန်တော်တို့ သွားရောက်ရှင်းပြတုန်းက ရာခိုင်နှုန်းနဲ့ ထည့်တဲ့ လူကဘယ်လောက် မထည့်တဲ့ လူဦးရေက ဘယ်လောက်ဆိုတာ ရှင်းပြထားတာရှိပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဆီမှာ စီးနင်းနေတဲ့ ခရီးသွားပြည်သူလူထုတွေကို စော်ကားသလိုဖြစ်သွားလို့ရှိရင် ဦးကျော်ဇေယျပဲ ပြန်ဖြေရှင်းပေးရမှာ ဖြစ်ပါ တယ်။ ဦးကျော်ဇေယျပြောတာ ဖြစ်တဲ့အတွက် ဦးကျော်ဇေယျပဲ ပြန်ဖြေရှင်းပေးပါ။ ခရီးသည်တွေက မကျေနပ်ဘူးဆိုရင်လည်း ဦးကျော်ဇေယျကိုပဲ ပြောပါ။ ခရီးသည်အားလုံးသည် ပိုက်ဆံမပေးဘူးလို့ ကျွန်တော်တစ်ခါမှ ပြောခဲ့တာမရှိပါဘူး။ ကျွန်တော်တို့ ပြောတဲ့အတိုင်း အတိအကျပြန်ပြောပေးပါ။ ပြောတဲ့ လူအပေါ်မှာပဲ တာဝန်ရှိပါတယ်လို့”ဟု ဦးကျော်နေဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက မတ်လ ၁၀ ရက်ထုတ် Weekly Headline News Journal တွင် Omni Focus ကုမ္ပဏီပိုင် ယာဉ်များတွင် ခရီးသည်များက ယာဉ်စီးခမပေးဘဲ စီးနင်းနေသည့်အတွက် ဘဏ်ကြွေးများ မဆပ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆိုမှုမှာ မှားယွင်းပြောဆိုမှု များဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
Omni Focus ကုမ္ပဏီလက်အောက်တွင် YBS ၂၀၊ YBS ၈၃၊ YBS ၉၈၊ YBS ၅၆ ယာဉ်လိုင်း အပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Shuttle Bus ယာဉ်လိုင်းတို့မှာ ၂၄ နာရီ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
Omni Focus ကုမ္ပဏီအနေဖြင့် ယာဉ်လိုင်းအသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန်အတွက် YRTA သို့ တင်ပြထားကြောင်းလည်း သိရ သည်။
Akon Thi








0 comments:
Post a Comment