Monday, March 18, 2019

AA နှင့် ဆက်စပ်သူများ၊ ပစ္စည်းများ တပ်မတော်မှ ဖမ်းဆီးရမိ


ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးအား ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့လယ်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများ လိုက်ပါလာသည့် မော်တော်ယာဉ် တန်းအား မြောက်ဦး-ကျောက်တော် ကားလမ်း မိုင်တိုင်အမှတ် ၁၁၈/ ၂ အနီး လမ်းဘေး ဝဲယာမှ အရပ်ဝတ်များ ဝတ်ဆင်ထားသော AA ၁၀ ဦးခန့်က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူ များသည် ကားလမ်း၏အရှေ့ဘက်နှင့် အနောက်ဘက်သို့ ပြန့်ကြဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ 

ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းစဉ် မြောက်ဦး မြို့နယ်၊ ဘုရားကြီး ကျေးရွာနေဦးစိန်လှ(ဘ) ဦးလှထွန်းအောင်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ မော်တော်ဆိုင်ကယ် တူးဘောက်အတွင်းမှ ပလတ်စတစ်ဗူး ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
အလားတူ မတ်လ ၁၅ ရက်တွင်လည်း မြောက်ဦးမြို့နှင့် တိမ်ညိုကျေးရွာကြား လုံခြုံရေးဆောင်ရွက်စဉ် တပ်မတော် စစ်ကြောင်းများနှင့် AAတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ များအသုံးပြုခဲ့သည့် Honda wave အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးအား သိမ်းဆည်း ရမိခဲ့သည်။ 
ထို့အတူ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် အတွက် တပ်မတော်စစ်ကြောင်းများသည် စစ်တွေမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာနှင့် သရက်ချိုကျေးရွာကြား ရောက်ရှိစဉ် ကားလမ်း၏ ဘယ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် AA အင်အား ၃၀ ဦး ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ ဖြစ်စဉ် နေရာတဝိုက်အား ရှင်းလင်းဆောင်ရွက်စဉ် သောင်းကျန်းသူအလောင်း ၁ လောင်းနှင့် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ 
ထို့ပြင် ရခိုင်ပြည်နယ် ဝါးနက်ရုံဒေသအတွင်းရှိ နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို နှောက်ယှက်လျက်ရှိသာ AA အဖွဲ့ဝင်များကို တိုက်ခိုက်ချေမှုန်းလျက်ရှိရာ နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ-၆၇ အနီးရှိ ပွိုင့်-၈၀၂ တောင်ကုန်း၌ အခြေပြုနေထိုင်လျက်ရှိသော AA အဖွဲ့ကို မတ် ၁၇ ရက် တွင် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်းနှင့် လက်နက်အချို့၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး နှင့်နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ 


Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Popular News Journal 

0 comments:

Post a Comment