Wednesday, March 27, 2019

မြောက်ဦး-ကျောက်တော် ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက် သောင်းကျန်းသူ ၁၅၀ ခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်



ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျီးရာပြင်ကျေးရွာအနီး မြောက်ဦး-ကျော်တော် လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား မတ် ၂၆ ရက် ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ ၁၅၀ ခန့်က လက်နက်ကြီး/လက်နက် ငယ်များဖြင့် ၂ ကြိမ်လာရောက် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းက ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် မြောက်ဦး- ကျောက်တော်ဆက်သွယ်ရေး လမ်းကြောင်း လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ကျီးရာပြင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာ လင်းမြွေတောင်ကြော နေရာ၌ ယနေ့နံနက် ၂ နာရီ ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ခန့်က လည်းကောင်း၊ နံနက် ၃ နာရီခွဲတွင် ၅၀ ဦးခန့် လာရောက်ပူးပေါင်းကာ အင်အား ၁၅၀ ဦးခန့်ဖြင့်လည်းကောင်း လက်နက်ကြီး/လက်နက်ငယ်များ ဖြင့် ၂ ကြိမ်ဝိုင်းပတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ့ပစ်ခတ်မှုများ နံနက် ၅ နာရီခန့်တွင် ရပ်တန့်သွားခဲ့သည်။ 

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကာ ရန်သူ့ထံမှ အရပ်ဝတ် တီရှပ်အင်္ကျီဝတ်ဆင်ထားသည့် အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ ၃ လက် အပါအ၀င် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနှင့် အနီးပတ်ဝန်းကျင်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့၊ ရပ်ကွက်၊ ကျေးရွာနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား တိုက်ခိုက်ခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်းစသည့် အဖျက်အမှောက်အကြမ်းဖက် လုပ်ရပ်များနှင့် အစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် ဆောင်ရွက်လျက်ရှိရာ ၎င်းတို့၏ လုပ်ရပ် များကို ဟန့်တား ထိန်းချုပ်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား မကြာခဏပစ်ခတ်တိုက်ခိုက် မှုများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေး နှင့် စစ်ဆင်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။ 


Credit 
The Ladies News

0 comments:

Post a Comment