မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ်လ ၂၉ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်များအရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်း ရွာနိုင်သည်ဟု မိုးဇလက သတင်းထုတ်ပြန်ထားသည်။
The Ladies News
0 comments:
Post a Comment