ဗဟိုအမျိုးသမီးဆေးရုံကြီးကို အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ထားပြီးဖြစ်၍ နောက်ပိုင်း ပြုပြင်တည်ဆောက်မှုများ ကို ဆောင်ရွက်သည့်အခါ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် မှုနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ်လ ၂၈ ရက်တွင်ပြောသည်။
ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် မတ်လ ၂၈ရက်က လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီးအား (၂၉)ခုမြောက် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်း (Blue Plaque) အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ဒီ ထိန်းသိမ်း စောင့်ရှောက်မှုကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ထိန်းသိမ်းစောင့် ရှောက်သွားမှ အောင်မြင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ မြို့ပြအမွေအနှစ် အဆောက်အဦ တွေကို နိုင်ငံတကာ ခရီးသွားတွေရော၊ မြန်မာနိုင်ငံအတွင်းက ခရီးသွားတွေရော၊ ပြည်သူလူထုတွေရောက အလွန်အင်မတန် စိတ်ဝင်စားပါတယ်။ ဒီစိတ်ဝင်စားမှုထဲမှာ အခု ဗဟိုအမျိုးသမီး ဆေးရုံကြီးကလည်း တစ်ခု အပါအဝင် ပဲဖြစ်ပါတယ်။”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
အပြာရောင် ကမ္ဗည်းပြားများသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာရှိစွာ ဖော်ပြနိုင်သည့်အတွက် ယင်းကမ္ဗည်းပြားများကို လူအများသိရှိပြီးသော အဆောက်အဦများ၊ နေရာများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်လျှက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အလှူရှင်များ၏ ငွေကြေးထည့်ဝင် ကူညီမှုတို့ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က တာဝန်ယူကာ တပ်ဆင် ခြင်းဖြစ်သည်။
ဗဟိုအမျိုးသမီး ဆေးရုံကြီးကို အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်၏ ကြင်ယာတော် လေဒီဒပ်ဖရင်၏ ရန်ပုံငွေဖြင့် မတည် တည်ထောင်ခဲ့ပြီး မူလက ဒပ်ဖရင်ဆေးရုံအဖြစ် ထင်ရှားခဲ့ကြောင်း၊ ကနဦးတွင် ရန်ကုန်ဆေးရုံကြီး၏ အမျိုးသမီးဆောင်ကို သားဖွားဆေးရုံအဖြစ် ပြောင်းလဲထားရှိရန် စီစဉ်ခဲ့သော်လည်း အထမမြောက်သည့် အတွက် ယခု နေရာအနီးရှိ ဘန်ဂလိုကြီးတစ်ခုကို ၁၈၈၇ ခုနှစ်တွင် ဌားရမ်းကာ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၈၉၇ ခုနှစ်တွင် လက်ရှိဆေးရုံ၏ ပထမဆုံးအဆောင်ဖြစ်သည့် D ဆောင်ကို ဆောက်လုပ်ရန် လေဒီဒပ်ဖရင် ကိုယ်စား မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ ဇနီးလေဒီဖရိုင်ရာက အုတ်မြစ်ချပေးခဲ့ပြီး ၁၈၉၈ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဒပ်ဖရင်ဆေးရုံအဖြစ် စတင်အသုံးပြုခဲ့သည်။
ယင်းနောက် Aဆောင်၊ Bဆောင်နှင့် Cဆောင်တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့ကြောင်း၊ ၁၉၃၆ ခုနှစ်တွင် ဗဟိုသားဖွား ဆေးရုံအဖြစ် နာမည်ပြောင်းလဲခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီးအဖြစ် ထပ်မံပြောင်းလဲ ခေါ်ဆိုခဲ့ကြောင်း၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၏ မူလအမည်မှာ ဒပ်ဖရင်ဆေးရုံ ဖြစ်သော်လည်း အများပြည်သူက ဂျင်မခါနာဆေးရုံ ဟုသာ ခေါ်ဆိုကြခြင်း ဖြစ်ကြောင်း သိရသည်။
The Ladies News
0 comments:
Post a Comment