Tuesday, March 12, 2019

တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ် ယခုလတတိယပတ်တွင် ခန့်နိုင်ဖွယ်ရှိ


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ်အသစ်ကို ယခုလတတိယပတ်တွင် ခန့်အပ်နိုင်ဖွယ်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောဆိုသည်။ 


တနင်္သာရီတိုင်းဝန်ကြီးချုပ် ရာထူး အတွက် အမည်စာရင်းကို နိုင်ငံတော် သမ္မတက ယခုတစ်ပတ်အတွင်း ပေးပို့နိုင် ဖွယ်ရှိပြီး ယင်းသို့ပေးပို့လာပါက တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေးကို မတ်လတတိယပတ်ခန့်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောဆိုသည်။ 



”၀န်ကြီးချုပ်က ဘယ်သူဆိုတဲ့ (သမ္မတက) အမည်စာရင်းပေးပို့လိမ့်မယ်။ အမည်စာရင်းပို့တာက ဒီတစ်ပတ်ထဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီတစ်ပတ်ထဲမှာ ဖြစ် မယ်ဆိုရင် နောက်တစ်ပတ် ကြာသပတေး၊ သောကြာနေ့လောက် ဖြစ်ချင်ဖြစ်သွားမှာ ပေါ့”ဟု ဦးခင်မောင်အေးက ပြောဆိုသည်။ 



ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂၆၁ အရ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။ 



မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီအထိနိုင်ငံတော်သမ္မတက ပေးပို့သည့် ၀န်ကြီးချုပ်အမည်စာရင်း တိုင်းဒေသကြီးလွှတ်တော်သို့ မရောက်သေးပေ။ 



သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို လက်ရှိရာထူးနှင့်ပူးတွဲ၍ ခေတ္တ၀န်ကြီးချုပ်တာဝန်လွှဲပြောင်းသည့်စာနှင့် ဒေါက်တာလဲ့လဲ့မော်ကို ၀န်ကြီးချုပ်ရာထူးမှ ရပ်စဲသည့် စာနှစ်စောင် လက်ခံရရှိထားသည်ဟု ဦးခင်မောင်အေးက ပြောဆိုသည်။ယင်းစာနှစ်စောင်ကို မတ် ၁၁ ရက်ညနေ ၃ နာရီခွဲက တိုင်းဒေသကြီး လွှတ်တော်သို့ တရားဝင်ပေးပို့လာကြောင်း၎င်းက ပြောဆိုသည်။ 



ဝန်ကြီးချုပ်သစ်အဖြစ် ဦးမြင့်မောင်ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်အေးကခန့်မှန်းပြောဆိုသည်။ 



”သူကတော့ ရိုးရိုးသားသားနဲ့အလုပ်လုပ်သွားမယ်လို့ထင်တယ်။ ဦးမြင့်မောင်ဆိုရင် အစိုးရနဲ့လွှတ်တော်အကြားပူးပေါင်းဆောင်ရွက်မှု ရသွားလိမ့်မယ်လို့မြင်တယ်”ဟု ဦးခင်မောင်အေးက ပြောဆိုသည်။ 



ဦးမြင့်မောင်သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော့သောင်းမဲဆန္ဒနယ်အမှတ်(၂) တွင် ရွေးချယ်ခံခဲ့ရပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့၏အတွင်းရေးမှူးလည်း ဖြစ်သည်။ 



တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကိုမူလက်ရှိတွင် ထားဝယ်အကျဉ်းထောင်ရှိအချုပ်တွင် ထိန်းသိမ်းထားသည်။

The Standard Time Daily 

0 comments:

Post a Comment