Tuesday, March 12, 2019

ကန့်ကွက်ပိုင်ခွင့်ရှိသော်လည်း ဥပဒေနှင့် ညီ၊ မညီကို ဆုံးဖြတ်ပိုင်ခွင့်မရှိ


ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကန့်ကွက်ပိုင်ခွင့်ရှိသော်လည်း ဥပဒေနှင့် ညီ၊ မညီကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ဥပဒေ နှင့် ညီ၊ မညီကို သက်ဆိုင်ရာခုံရုံးက လုပ်ရ မည့်အလုပ်သာဖြစ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကပြောဆို သည်။ 


မတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ပြည်ထောင် စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ပြော ဆိုခြင်းဖြစ်သည်။ 



ကျောင်းကုန်း မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့်အဖွဲ့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၆၁ ပြင်ဆင်ရေးမူ ကြမ်းကို စိစစ်ရေးပူးပေါင်းကော်မတီကလေ့လာစိစစ်ရာတွင် ပုဒ်မ-၂၆၁ ကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသော ပုဒ်မများကို ထည့်သွင်းစိစစ်ရန် လိုအပ်သောကြောင့် လွှတ်တော်သို့ အကြိမ်ကြိမ် တင်သွင်းရန် လိုအပ်သဖြင့်ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်သင့်သည်ဟု တွေ့ရှိရကြောင်း၊ အစီရင်ခံစာတွင်စိစစ်တွေ့ရှိချက် အနှစ်ချုပ်သာ ထည့်သွင်းလိုက်သောကြောင့် အစီရင်ခံစာသည် ဥပဒေနှင့် မညီဟုဆိုကာ ဝေဖန်ကန့်ကွက်သံများ ထွက်လာခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 



”ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကန့်ကွက်ပိုင်ခွင့်ရှိပေမယ့်ဥပဒေနဲ့ညီတယ်၊မညီဘူးဆိုတာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ ခုံရုံးကလုပ်ရမယ့် အလုပ်သာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း All Inclusive ဖြစ်အောင်၊ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာအောင် ပြည်ထောင်စုလွှတ်တော်ကြီးကအတည်ပြုဖွဲ့စည်းထားတဲ့ ၄၅ ဦး ကော်မတီရှိပြီးဖြစ်ပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေအပေါ် ဘယ်ကိုယ်စားလှယ်မဆို လွှတ်တော်ထဲ အဆိုတင်သွင်းခွင့်ရှိပါတယ်။အဲဒီအဆိုအပေါ် သဘောဆန္ဒမညီမျှကြရင် ဒီမိုကရေစီနည်းကျများရာမဲနဲ့ လွှတ်တော်ထဲ ဆုံးဖြတ်အတည်ပြုရတာ လွှတ်တော်ရဲ့အစဉ်အလာပဲဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 



ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင်လည်းယခုကဲ့သို့ပင် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်ပြီး လွှတ်တော် တွင်မဲခွဲဆုံးဖြတ်ခြင်းသည် ပထမအကြိမ်လွှတ်တော် သက်တမ်းတွင်ညီညွတ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာမှ ဥပဒေနှင့်မညီသလိုဖြစ်နေကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 



”အခုလွှတ်တော်ထဲမှာ ကြားနေရတဲ့ ဥပဒေနဲ့အညီလုပ်ရမယ်လို့ ကတိတွေ အလီလီပေးပြီးမှ ဥပဒေနဲ့မညီ လုပ်တဲ့နာယကများဆိုတဲ့ စွပ်စွဲပုတ်ခတ်မှုတွေ၊ တည်ဆဲဥပဒေများကိုထပ်ခါထပ်ခါ ကျူးလွန်နေကြတယ်ဆိုတဲ့ စွပ်စွဲသံတွေ၊ လွှတ်တော်က အတည်ပြုပြီးပြတ်ခဲ့ပြီးတာကို ထပ်ခါထပ်ခါ ပြောပြနေတာတွေ၊ ခင်ဗျားတို့ နားလည်တဲ့ ဖက်ဒရယ်ဆိုတာ ဒီအဆင့်လောက်ပဲလားလို့ ကျွန်တော်မေးချင်တယ်ဆိုတဲ့ ရင့်သီးတဲ့အသုံးအနှုန်းတွေ သုံးစွဲနေကြတာတွေရော ပြည်ထောင်စု လွှတ်တော် နည်းဥပဒေပုဒ်မ-၁၉ပုဒ်မခွဲ (ခ)(င)(စ)(ဈ)(ည)(ဋ)(ဌ)ပါကိုယ်စား လှယ်တွေ လိုက်နာရမယ့်စည်းကမ်းနဲ့ ညီညွတ်ပါရဲ့လားလို့ မေးခွန်းပြန်ထုတ်လို့ရပေမယ့် မထုတ်လိုပါဘူး”ဟု ၎င်းကပြောဆိုသည်။ 



ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မည်ဟု ပါတီများ၊ အဖွဲ့အစည်းများက တစ်ပြိုင်တည်း ပြောဆိုနေကြသော်လည်း လွှတ်တော်အတွင်း ဆွေးနွေးသည့်အသံထက် ဥပဒေနှင့်မညီကြောင်းဝေဖန်စွပ်စွဲသံများ၊ ပြင်းပြင်းထန်ထန်ကန့်ကွက်သံများသာကြားနေရသောကြောင့် နိုင်ငံတော်အနာဂတ်အတွက် ရင်လေးမိကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 



”လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားကိုကြည့်ရင် ကျွန်တော်တို့အိမ်ကြီးရဲ့အနောက်တံခါးကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အားနဲ့ချိုးဖျက်ဖို့ကြံနေကြတာ အားလုံးအသိဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံကလည်း သူ့မှာရှိတဲ့ ဆုတံဆိပ်တွေအဖြုတ်ခံပြီး အဲဒီဂယ်ပေါက်တွေကို ပိတ်ဆို့ဖို့ ကြိုးစားနေရသလိုအရှေ့မြောက်ဘက်က နဂါးကြီးဆိုရင်လည်း မြန်မာပြည်ကစီးပွားရေးအကျိုးအမြတ်တွေရဖို့ ဘယ်နည်းပဲသုံးရသုံးရ သူလိုချင်တာရအောင် ခပ်ထုတ်ရယူနေတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကြားထဲ ညီအစ်ကိုသွေးချင်းကြားမှာလည်း ခံစားချက်ကိုယ်စီနဲ့ ရန်ဖြစ်နေရတာနဲ့ဆိုတော့ ကျွန်တော်တို့ နိုင်ငံကြီးက ပူပင်စရာအခြေအနေတွေနဲ့ ပြည့်နှက်နေပါတယ်”ဟု၎င်းက ပြောဆိုသည်။ 



ထို့ကြောင့် မိမိတို့အနေဖြင့် အတ္တကြီးလေ ပြည်ပကရန်သူကို လက်ယပ်ခေါ် နေသလိုဖြစ်နေသည်ကို သတိချပ်စေလိုကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 



”သွားရမယ့်လမ်းက တူနေပါလျက် ဘယ်မောင်း ညာမောင်း ငြင်းနေကြမှာလား။ မြန်မာနိုင်ငံရဲ့ လက်ရှိအခင်းအကျင်းနဲ့ အနေအထားဟာ ၁၉၈၈၊ ၂၀၀၈ တုန်းကလို မဟုတ်ဘဲ နိုင်ငံပြင်ပက အမဲဖျက်ဖို့ ချောင်းနေသူတွေဟာ မျက်ခြည်မပြတ်စောင့်ကြည့်နေကြပြီး တရစပ် ဖိအားတွေ ပေးနေတာလည်းအားလုံး အသိပဲဖြစ်ပါတယ်။ မိုးမပြို၊ ပြိုခဲ့သည်ရှိသော် ဘယ်သူမှအေးအေးလူလူ နေရတော့မှာ မဟုတ်ဘူးဆိုတာကို အလေးအနက် သတိပြုစေလိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။

The Standard Time Daily

0 comments:

Post a Comment