Sunday, March 10, 2019

ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်ခံရသော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆက်လက်စစ်ဆေးသွားမည်

ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ယိုးတရုပ် ကျေးရွာ ရဲကင်းစခန်းအား မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် AA မှ ဝင်ရောက် တိုက်ခိုက်ခံရသော်လည်း ယိုးတရုပ် စာစစ်ဌာနတွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောကြားသည်။ 


တိုက်ခိုက်ခံရသည့်ရဲကင်းစခန်း၌ တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာများ သိမ်းဆည်းမှုရှိသော်လည်း တိုက်ပွဲကြောင့် တစ်စုံတစ်ရာ ထိခိုက်ခဲ့မှု မရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဆိုသည်။ 



“စာမေးပွဲကတော့ ပုံမှန်အတိုင်း စစ်ဆေးသွားမယ်၊ ဒီနေ့လည်း အစိုးရအဖွဲ့နဲ့ အစည်းအဝေးထိုင်ပြီးပြီ”ဟု ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောဆိုသည်။ 



သို့သော် စာမေးပွဲအတွက် လုံခြုံရေး မည်သို့ဆောင်ရွက်သွားမည်ကို အလုပ်မအားသေး၍ အသေးစိတ်ဖြေကြားနိုင်ခြင်းမရှိကြောင်း ဆိုသည်။ 



ယိုးတရုပ်ကျေးရွာ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်ရှိရာ ရပ်မိရပ်ဖများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 



အလားတူ မတ်လ ၁၀ ရက်နေ့တွင် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာရှိ ရဲကင်းစခန်းမှာ ရုပ်သိမ်းသွား၍ တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာများကို မြောက်ဦးခရိုင် ပညာရေးမှူးရုံးသို့ ယူသွားရကြောင်း၊ စာမေးပွဲအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မင်းပြားမြို့နယ် ပညာရေးမှူးရုံးထံက သိရသည်။ 



“ရဲမရှိတော့ မေးခွန်းထားလို့မရတော့ဘူး။ ဆိုတော့ စာမေးပွဲမေးခွန်းလွှာတွေကို စာစစ်မယ့်အခါ မြောက်ဦးက ယူပြီး စစ်မယ်”ဟု အဆိုပါ ပညာရေးမှူးရုံးက အရာရှိတစ်ဦးက ပြောကြားသည်။ 



၎င်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ရှိရာ လုံခြုံရေးကို ခရိုင်ရဲတပ်ဖွဲ့မှ လာရောက်ကာ ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ရှင်းပြသည်။ 

The Voice 

0 comments:

Post a Comment