Sunday, March 10, 2019

ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး၊ လုံခြုံရေးအခြေအနေအရ ပန်းမြောင်းရဲကင်းစခန်းကို ရုပ်သိမ်း



ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန် - စစ်တွေ ကားလမ်းမပေါ်ရှိ ယိုးတရုပ် ကျေးရွာ ရဲကင်းစခန်းကို မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် AA လက်နက်ကိုင်အဖွဲ့က သာလွန်အင်အားများစွာဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးသွားသည်။ 


အဆိုပါ ရဲကင်းစခန်း၌ ရဲအင်အား ၁၀ ဦးကျော်ရှိရာ စခန်းအား မျက်နှာ ၃ ဘက်မှ အင်အားအများအပြားဖြင့် လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ပြီး လက်နက်ချရန်စေခိုင်းလာကြောင်း၊ သို့သော်လည်း လက်နက်မချဘဲ ပြန်လည်ခုခံတိုက်ခိုက်ကြရာ ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ ရပ်တန့်သွားကြောင်း ခရိုင်ရဲတပ်ဖွဲ့၏ အစီရင်ခံစာ အရသိရသည်။ 



ထိုသို့ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် တပ်သား ၉ ဦးကျဆုံးကာ စခန်းမှူး ရဲအုပ် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသွားပြီး ရဲတပ်သား တစ်ဦး ပျောက်ဆုံးနေကြောင်း၊ ၃၈ ဗို့ ခြောက်လုံးပြူး ၁လက်၊ BA 72 မောင်းပြန် ၁ လက် နှင့် BA 63 မောင်းပြန် ၁၀ လက် စုစုပေါင်း လက်နက် ၁၂ လက် ပျောက်ဆုံးသွားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ 



“ဒီနားမှာ အန္တရာယ်ပေးနေတဲ့အဖွဲ့လို့ ပြောပဲပြောရမှာပေါ့၊ ဘယ်အဖွဲ့ရယ်လို ပြောဖို့ကလည်း ကျွန်တော်တို့မှာ မျက်မြင်မရှိတော့” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး ကြည်လင်းက ဆိုသည်။ 



ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ ယိုးတရုပ်ကျေးရွာအနီးရှိ ဗုဒ္ဓေါကျေးရွာအနီး၌ တပ်မတော်က ရဟတ်ယာဉ်များဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။ 



ယိုးတရုပ် ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် မင်းပြားမြို့နယ် လေးမြိုးချောင်း ဒေသအတွင်းရှိ ပန်းမြောင်းကျေးရွာ ရဲကင်းစခန်းမှာ ရုပ်သိမ်းသွားကြောင်း ယင်းစခန်းမှ စခန်းမှူးရဲအုပ်ထွန်းအေးက ပြောသည်။ 



“ကျွန်တော်လည်း အစတုန်းက မသိဘူး။ ရုပ်သိမ်းမဲ့အချိန်ကျမှ ကျွန်တော့်ကို ဖုန်းဆက်ပြီးခေါ်တယ်။ ကျွန်တော်တို့ နယ်မြေလုံခြုံမှုမရှိတဲ့အတွက် ရုပ်သိမ်းရတော့မယ်လို့ပြောတယ်”ဟု ပန်းမြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ရှင်းပြသည်။ 



အဆိုပါ ရဲကင်းစခန်းမှ ရဲအင်အား ၁၀ ကျော်သည် မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ပိုင်းအချိန်တွင် မင်းပြားမြို့မရဲစခန်းသို့ ပြောင်းရွှေ့သွားကြသဖြင့် ကျေးရွာအေးချမ်းသာယာရေးအတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။ 



လက်ရှိအချိန်၌ လေးမြို့ချောင်း ဒေသအတွင်း၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေလျှက်ရှိ၍ မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ရှိသည်။ 



ဇန်နဝါရီ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခု အား AA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

The Voice

0 comments:

Post a Comment