Monday, March 18, 2019

မလေးရှားတွင် နှစ်လကျော်အတွင်း တရားမဝင် မြန်မာအလုပ်သမား တစ်ထောင်ကျော် အဖမ်းခံရ



မလေးရှားနိုင်ငံတွင် နှစ်လကျော်အတွင်း ဖမ်းဆီးခံရသူ တရားမဝင် မြန်မာနိုင်ငံသား တစ်ထောင်ကျော် ရှိကြောင်း မလေးရှားလဝကမှ သိရသည်။ 
မလေးရှားနိုင်ငံတစ်ဝှမ်းတွင် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ တရားမဝင် မြန်မာနိုင်ငံသား ၁၁၉၁ ဦး အဖမ်းခံရကြောင်း သိရသည်။ 

“နယ်စပ်က ပြန်တဲ့ဟာမျိုးတွေ နယ်စပ်မှာ ပိတ်ဖမ်းတဲ့ဟာမျိုးတွေက ကိုယ့်မြန်မာတွေပဲ အများစု မိကြတာကိုး။ အောက်လမ်းက ပြန်ကြတာဆိုတော့။ ဇန်နဝါရီ ၁ ရက်နေ့ကနေ အကုန်ချုပ်လိုက်ရင်တော့ ၁၀၀၀ ဝန်းကျင် ရှိကောင်း ရှိလောက်တယ်” ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်း တာဝန်ခံ ဦးသီဟမောင်မောင်က ပြောကြားသည်။ 

မတ်လ ဒုတိယအပတ် အတွင်းကလည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်ရှိ နိုင်ငံခြားသား အလုပ်သမားအများစု လုပ်ကိုင်နေသော ပဆာဘိုရွမ်ကုန်ဈေးတွင် မလေးရှား အာဏာပိုင်များက ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၁၀၀ ကျော် အဖမ်းခံရကြောင်း Social Action for Children and Women - SAWမှ သိရသည်။ 

မလေးရှားတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးမှုကို ဆောင်ရွက်ပြီး တစ်လလျှင် အကြီးဆုံး စီမံချက်နှစ်ကြိမ်ခန့်အား (Mega Ops 3.0) အဆင့် သတ်မှတ်ကာ ဖမ်းဆီးမှုများရှိပြီး အသေးစား ဖမ်းဆီးမှုများလည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နေရာအနှံ့ရှိနေကြောင်း မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်း တာဝန်ခံ ဦးသီဟမောင်မောင်က ပြောကြားသည်။ 

“စီမံချက် အကြီးတွေကျတော့ သူတို့ လူအင်အား သုံးရတယ်။ အချိန်တွေလည်းပေးပြီး လုပ်ရတဲ့ဟာမျိုး ဆိုတော့လေ။ တော်ရုံစီမံချက်ကျတော့ သူတို့ဘက်က မသေချာတဲ့ ဟာမျိုးကျတော့ စီမံချက်လုပ်လို့ မရဘူး။ တကယ့် စက်ရုံကြီးတွေ ဆောက်လုပ်ရေးနဲ့ ပက်သက်တဲ့ ပရောဂျက်ကြီးတွေ အဲဒီလိုတွေကျတော့ သူတို့က စီမံချက်တွေချပြီး တစ်လမှာ နှစ်ကြိမ် အကြီးကြီး လုပ်တယ်။ သာမန် ကြိုးကြားကြိုး ကြားတွေကတော့ မကြာခဏ ဖမ်းဆီးမှုတွေ လုပ်တယ်” ဟု ၎င်းက ပြော ကြားသည်။ 

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အထောက်အထားမဲ့နှင့် တရားမဝင် နေထိုင်မှု မလေးရှား ဥပဒေပုဒ်မ Section6 (1)(c)ESifhSection15 (1)(c) အရ အဖမ်းခံရကြောင်း မလေးရှား လဝကမှ သိရသည်။ 

ဖမ်းဆီးခံရသော အလုပ်သမားများကို တရားရုံးတင် စစ်ဆေးပြီး ဒဏ်ငွေ ပေးဆောင်နိုင်ပါက ထောင်မကျဘဲ ဒဏ်ငွေ မပေးဆောင်နိုင်ပါက ထောင် သုံးလကျခံရမည် ဖြစ်ကြောင်း အမှုလိုက်ပေးသည့် ရှေ့နေဖြစ် သူ ဦးသီဟမောင်မောင်က ပြောကြားသည်။ 

ရှေ့နေ ငှားရမ်းခသည် မလေးရှားငွေရင်းဂစ် ၁၀၀၀ မှ၁၅၀၀ ကြားပေးဆောင်ရကြောင်း ၎င်းက ပြောကြားသည်။ ဖမ်းဆီး ထောင်ကျခံရသူများသည် ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာပါက ထိန်းသိမ်းရေး စခန်းတွင် နေထိုင်ရမည်ဖြစ်ကာမြန်မာသံရုံး မှ ၎င်းင်းတို့အား စိစစ်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ကြောင်း သိရသည်။ 

၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း မလေးရှားနိုင်ငံ တစ်ဝန်းတွင် ဖမ်းဆီးခံရသူ တရားမဝင် မြန်မာအလုပ်သမား ၄၀၀၀ မှ ၅၀၀၀ အတွင်းရှိကြောင်း မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်းတာဝန်ခံက ပြောကြားသည်။ 


မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ငါးသိန်းကျော်ရှိပြီး ယင်းထဲတွင် တရားမဝင် မြန်မာအလုပ်သမား သုံးသိန်း ကျော်ရှိ ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment