သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွာ ဘုရားအောက် လက်ဝဲစွယ်တော်မြတ်၏ စွယ်တော်ပွားကို ကိန်းဝပ်တည်ထားသော စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့၊ ညောင်ပင်သာရွာမြောက်ဘက် သီရိမြန်မာစွယ်တော်မြတ်စေတီနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ဗုဒ္ဓပူဇနိယ အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို မတ်လ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စွယ်တော်မြတ်စေတီနှင့် ဗုဒ္ဓရုပ်ပွားတော်ကို ရန်ကုန်၊ မုံရွာစသည့် အခြားမြို့နယ်များမှ ဓမ္မကထိကဆရာတော် ပင့်သံဃာအပါး ၄၀ ကျော်တို့က အနေကဇာတင်ပြီးနောက် စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
ဆွီဒင်ဥရောပသာသနာပြုဆရာတော် ဦးသောဘဏနှင့် ဒေါက်တာ အရှင်မေတ္တာစာရတို့က ဇာတိမြေကို ကျေးဇူးဆပ်သောအနေဖြင့် ၂၀၁၅ ခုနှစ်မှစပြီး ဝန်းသိုမြို့နယ် ညောင်ပင်သာရွာ၏မြောက်ဘက်ရှိ ပိန်းကန်တောင်ရိုးကို သာသနာပြုနယ်မြေအဖြစ်ရွေးပြီး သီရိမြန်မာ စွယ်တော်မြတ်စေတီနှင့် ဗုဒ္ဓရုပ်ပွားကို တည်ထားရခြင်းဖြစ်ကြောင်း ဒေါက်တာ အရှင်မေတ္တာစာရက မိန့်ကြားသည်။
ဗုဒ္ဓလက်ဝဲတော်စွယ်တော်ပွား ကိန်းဝပ်သီတင်းသုံးရန် သီရိမြန်မာစွယ်တော်မြတ်စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်တို့ကို ငွေကျပ်သိန်း ၅၀၀ ကျော် အကုန်ခံ၍ ထိုဗုဒ္ဓမြတ်စွယ်တော်စေတီတော်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၂၃ ရက်မှ စတင်၍ ဌာပနာပိတ်တည်ထားကိုးကွယ်သည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
The Voice






0 comments:
Post a Comment