Sunday, March 17, 2019

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ပျံကျဈေးသည်များကို ဒေသန္တရအမိန့်ဖြင့်ဖယ်ရှားပေးရန် ဆိုင်ခန်းရှင်များ တောင်းဆို

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ပျံကျဈေးသည်များနှင့် ကျူးကျော်ဈေးသည်များကို ဒေသန္တရအမိန့်ထုတ်၍ဖယ်ရှားပေးရန် ကျိုက်ထီးရိုး တောင်ပေါ်ဈေးသူဈေးသားများအဖွဲ့မှ ပြည်နယ်အစိုးရကို တောင်းဆိုခဲ့ကြသည်။ 
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးသူဈေးသားများအဖွဲ့၊ တောင်တက်ကားအဖွဲ့၊ UNDP တို့ မတ်လ ၁၄ ရက်နေ့ကတွေ့ဆုံခဲ့ရာ၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ ဈေးသည်တွေက နှစ်စဉ်ဘုရားဘဏ္ဍာငွေတိုးပြီး ပေးဆောင်နေပေမယ့် ရင်ပြင်တော်မှာ ပျံကျဈေးသည်တွေက ဘုရားဘဏ္ဍာငွေ ပေးသွင်းထားတာမရှိဘူး၊ ကျွန်တော်တို့ဈေးကော်မတီက ဂေါပကကိုတင်ပြတဲ့အခါ ဒေသန္တရအမိန့် မရှိလို့ ဖမ်းဆီးအရေးယူလို့လည်းမရဘူး၊ ဒါကြောင့် ဥပဒေကြမ်း အမြန်ရေးဆွဲပြီး ဒေသန္တရအမိန့်ထုတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ကျိုက်ထီးရိုးတောင် ဈေးကော်မတီအဖွဲ့ဝင် ဦးဆန်းယုက ပြောကြားသည်။ 

ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်တွင် ထမင်း၊ ဟင်းမျိုးစုံ၊ အသုတ်မျိုးစုံ၊ မနက်ခင်းရောင်းချသည့် ဆွမ်းတော်သည်များ၊ ဘုရားပုံမျိုးစုံ ရောင်းချသည့်ဆိုင်များအပြင် ဘုရားတက်လမ်းတစ်လျှောက် တည်ခင်းရောင်းချနေခြင်းတို့သည် ဘုရားကြီး၏ပုံရိပ်ကို ကျဆင်းစေသည့်အတွက် ထိုသို့ဈေးရောင်းချခြင်း မပြုရန်နှင့် ၎င်းတို့ကို သင့်တော်သော နေရာပေး၍ရောင်းချစေရန် တောင်းဆိုခဲ့ကြသည်။ 

“တောင်တက်ကားတွေ နားတဲ့နေရာရကနေ ခြင်္သနှေ့စ်ကောင်း လှေကားရင်းအထိ တဲထိုးပြီးရောင်းနေတဲ့အတွက် ကျွန်တော်တို့ တောင်တက်ကားအသင်းက အမှိုက်သိမ်းယာဉ် ဝင်လို့မရတဲ့အထိ ဖြစ်တယ်။ သူတို့အမိုးတွေ ထိမိခိုက်မိရင် ချက်ချင်းပဲ ရန်ပြုတော့မလိုလိုနဲ့ အမှိုက်သိမ်းကားမောင်းတွေလည်း ပျံကျဈေးသည်တွေကို ကြောက်နေရမလို ဖြစ်နေတယ်”ဟု ကျိုက်ထီးရိုးတောင်တက်ကားအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ 

တောင်တက်ကားများအတွက် အန္တရာယ်ဖြစ်စေသည့် ဆိုင်ကယ်ကယ်ရီများကို ထိန်းသိမ်းပေးရန်လည်း ကျိုက်ထီးရိုးတောင်တက်ကားအသင်း တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ 

“ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တောင်တက်ကားတွေ မျက်နှာချင်းဆိုင် ဆုံမိတဲ့အခါမှာ တောင်တက်ကားတွေက ခရီးသည်တွေ အသက်ပဲကယ်နိုင်မယ်။ ဆိုင်ကယ်ကယ်ရီက အသက်နှစ်ချောင်းတော့ ဆုံးရှုံးရလိမ်မယ်”ဟု ဦးမျိုးမြင့်က ထပ်လောင်းပြောဆိုသည်။ 

လတ်တလောတွင် ဒေသန္တရအမိန့်ထုတ်ပြန်၍ မရနိုင်သေးသော်လည်း ဂေါပကအဖွဲ့အနေနှင့် စည်းမျဉ်းစည်းကမ်းများထုတ်၍ ပျံကျဈေးသည်များကို ထိန်းသိမ်းနိုင်ကြောင်း၊ စည်းကမ်းဖောက်သည့် ပျံကျဈေးသည်များကို ဂေါပကအဖွဲ့မှ မှတ်တမ်းတင်ထားပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အကြံပြုပြောဆိုခဲ့သည်။

The Voice

0 comments:

Post a Comment