Thursday, March 14, 2019

နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အင်ဂျန်းယန်နယ်မြေအတွင်း စစ်ဆေးရေး ဂိတ်များတွင် ဒေသခံများအား ဥပဒေနှင့်အညီ စစ်ဆေးနေခြင်းဖြစ်ဟုဆို




အင်ဂျန်းယန်နယ်မြေအတွင်း စစ်ဆေးရေး ဂိတ်များတွင် ဒေသခံတိုင်းရင်းသား ပြည်သူများကို စစ်ဆေးနေခြင်းသည် လုံခြုံရေးအရ တာဝန်ရှိသော ဝန်ကြီးဌာနများက နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေးနေခြင်းဖြစ်ကြောင်းအလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မတ်လ ၁၃ ရက်တွင်ပြောသည်။ 
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အင်ဂျန်းယန်မဲဆန္ဒနယ် မှဦးလမာနော်အောင်မေးမြန်းသော”စစ်ဘေးရှောင်စခန်းတွင်ရောက်ရှိနေသောပြည်သူများ ကြုံတွေ့နေရသည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စုစာရင်း အခက်အခဲကိစ္စများနှင့် ပတ်သတ်၍ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ်ဖြစ်ပါလျက်နှင့် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်း သည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊မရှိနှင့် အခြားစစ်ဘေးရှောင်စခန်းအသီးသီး သို့ရောက်ရှိနေကြသည့် တိုင်းရင်းသားပြည်သူများ အတွက်နိုင်ငံ သား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအား မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိလိုခြင်း”နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ခွဲခြားကန့်သတ် ချုပ်ချယ်ခြင်း မိမိတို့ဌာနအနေဖြင့် လုံးဝမရှိကြောင်း၊ အင်ဂျန်းယန်မြို့ ဦးစီးမှူးရုံးအနေဖြင့် သစ္စာစီမံချက်နှင့် လုပ်ငန်းစဉ်အတိုင်း အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်သို့ရောက်ရှိနေ ထိုင်သည့် ခေတ္တနေရပ်စွန့်ခွာ နေထိုင်သူများကို ယာယီအိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကိုလည်း ထုတ်ပေး ထားရှိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ နေရပ် လိပ်စာ မှန်ကန်ကြောင်း အတည်ပြုထောက်ခံချက်ရရှိပြီးပါက တရားဝင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။ 

ထို့အတူ တိုင်းရင်းသားပြည်သူများအတွက် ဖြေလျှော့ပြီး ကျောင်းထောက်ခံချက်၊ မွေးစာရင်းတို့ မတင်ပြနိုင်ပါက အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးသက္ကရာဇ်ဖြင့်လည်းကောင်း၊ ခရစ်ယာန် သင်းအုပ်ဆရာများမှထုတ်ပေးသည့် နှစ်ချင်းသက်သေခံ လက်မှတ်ပါ မွေးသက္ကရာဇ်များဖြင့် လည်းကောင်း၊ သွေးအုပ်စု သတ်မှတ်ချက်မတင်ပြနိုင်ပါကလည်း ဖြေလျှော့ပြီး ဆောင်ရွက်ပေးလျက် ရှိသည်။ 

အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအရ ခေတ္တ နေရပ်စွန့်ခွာ ရောက်ရှိ နေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ခွဲခြားကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment