ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမတ်လ ၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ငမိုးရိပ်ချောင်း ကမ်းပါးနေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းမှုအား ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်မြို့တော် အတွင်းရှိ ငမိုးရိပ်ချောင်း ကမ်းပါးနေရာများအား အများပြည်သူ အနားယူ အပန်းဖြေ နိုင်တဲ့ နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လက်ရှိအခြေအနေမှာ မြေပြင်ကွင်းဆင်း စိစစ် ခြင်းများ၊ ဆွေးနွေး ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆက်လက် ဆောင်ရွက်နေပါတယ်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သို့ ဘဏ္ဍာငွေ လျာထားပြီးတော့ အဆိုပြုတင်ပြ အတည်ပြုချက် ရယူ ဆောင်ရွက်နိုင်ရေးကို စီစဉ်လျှက်ရှိပါ တယ်။” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
ငမိုးရိပ်ချောင်း ကမ်းပါးနယ်နမိတ် တစ်လျှောက်တွင် စိမ်းလန်း သာယာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အလို့ငှာ ပြင်သစ်နိုင်ငံ ဖံွံ့ဖြိုးရေး အေဂျင်စီ၏ အထောက်အပံ့ဖြင့် အကောင်အ ထည်ဖော်ရန် လျာထား စီစဉ်ခဲ့သော်လည်း၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအ ကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ဒဿမပုံမှန် အစည်းအဝေး နဝမနေ့တွင် ယင်းစီမံကိန်းနှင့် ပတ်သက်၍ အထောက်အပံ့ ချေးငွေရယူရန် သဘောတူညီမှု မရခဲ့သဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
The Ladies News
0 comments:
Post a Comment