ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် ၀ိုင်းဂွါဒိုဟာ တနင်္လာနေ့မှာ ကိုလံဘီယာနိုင်ငံကနေ ဗင်နီဇွဲလားနိုင်ငံဆီ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ ထောက်ခံသူ ပြည်သူများစွာ သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။
ပြဿနာတွေ ရင်ဆိုင်နေရတဲ့ သမ္မတ မာဒူရိုရဲ့ ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အာခံပြီး ကရာကက်စ်မြို့ဆီ ခုလို ပြန်ရောက်လာတဲ့ ဂွါဒိုဟာ ငြမ်းစင်တစ်ခုပေါ် တက်ပြီး အလံတွေ ဝှေ့ယမ်းကြိုဆိုနေကြတဲ့ ပြည်သူထောင်သောင်းများစွာကို လက်ဝှေ့ယမ်းနှုတ်ဆက်တာကိုလည်း မြင်တွေ့ရပါတယ်။
“ငါတို့တွေ စွမ်းဆောင်နိုင်တယ်။”ဆိုပြီး အော်ဟစ်ကြွေးကြော်နေကြတဲ့ ပြည်သူတွေနဲ့ ဂွါဒိုတို့ရဲ့ မြင်ကွင်းဟာ သမ္မတ မာဒူရိုအတွက်တော့ ခြောက်ခြားစရာ ဖြစ်နေမှာ အမှန်ပါပဲ။
“ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ရပ်တန့်လိုက်မှာ မဟုတ်ပါ။ ဒါကို အစိုးရလုပ်နေတဲ့ အာဏာရှင်တွေ နားလည်ထားပါတယ်။”လို့ ဂွါဒိုက လူအုပ်ကြီးကို မိန့်ခွန်း ပြောပါတယ်။
“ကျွန်တော်တို့တွေ အရင်ကထက် အင်အားတောင့်တင်းနေပြီ။ လမ်းတွေပေါ်ထွက်ပြီး အစိုးရကို ဆန့်ကျင်ကြပါစို့။”ဆိုပြီးလည်း ၎င်းက တိုက်တွန်းပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ကိုယ်ကိုကို ကြေညာထားတဲ့ အတိုက်အခံ ခေါင်းဆောင် ဂွါဒို ခုလို ပြန်မလာခင်မှာ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဂွါဒိုရဲ့ ဘေးကင်းလုံခြုံရေးအတွက် သမ္မတ မာဒူရိုကို သတိပေးထားတာ ဖြစ်ပါတယ်။
“ဘယ်လို ခြိမ်းခြောက်မှုမျိုး၊ အကြမ်းဖက်မှုမျိုး၊ ခြောက်လှန့်မှုမျိုးကိုမှ ဂွါဒိုအပေါ် လုပ်ဆောင်လာခဲ့မယ်ဆိုရင်တော့ သည်းခံမှာ မဟုတ်ဘူး။ မြန်မြန်ဆန်ဆန် တုံ့ပြန်ခံရမယ်ဆိုတာ သိထားပါ။”လို့ မိုက်ပန့်စ်က တွစ်တာကနေ ရေးသားပါတယ်။
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွါဒိုဟာ နိုင်ငံအတွက် ပေးပို့ထားတဲ့ အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို သွားရောက်ယူဆောင်နိုင်ရေးအတွက် ကိုလံဘီယာဆီ ဆယ်ရက်တာ ရောက်ရှိနေခဲ့တာပါ။
ဒါပေမယ့် ဗင်နီဇွဲလားစစ်တပ်ရဲ့ နယ်စပ်ပိတ်ဆို့ထားမှုကြောင့် အကူအညီတွေ နိုင်ငံထဲ သွင်းမယူလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Mizzima - News in Burmese
0 comments:
Post a Comment