မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့်ဘင်္ဂါလီများအနက် မိသားစု ၂ စု ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူ ၅ ဦးတို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မြန်မာ နိုင်ငံဘက်သို့ မိမိ၏သဘောဆန္ဒဖြင့် မတ်လ ၁ ရက်နေ့တွင် ရေကြောင်းလမ်းမှ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။
ပြန်ဝင်လာသူများတွင် ရသေ့တောင်မြို့နယ် လွန်းတောင်ကျေးရွာတွင်နေထိုင်ခဲ့သူ အဒူရော်ဇက် ၄၈ နှစ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကျေးရွာတွင် နေထိုင်ခဲ့သည့် မူဟာမတ်ဆော်လိမ် ၂၄ နှစ်နှင့် ၎င်း၏ ဇနီး၊ သားသမီး ၂ ဦးတို့ပါဝင်သည်။
၎င်းတို့ ၅ ဦးကိုစိစစ်ရာတွင် ရသေ့တောင်မြို့နယ်တွင်နေထိုင်ခဲ့သူ အဒူရော်ဇက်မှာ ဆဲဆိုမှု၊ လုယက်မှုတွင်ပါဝင် ပတ်သက်မှု ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၉၄ တို့ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသို့ မတ်လ ၄ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ကျန်သည့် မိသားစု ၄ ဦးတို့ကို ဘူးသီးတောင်မြို့နယ်ရှိ ၎င်းတို့နှင့်နီးစပ်ရာဆွေမျိုးများထံ လွှဲပြောင်း ပေးအပ် ထားကြောင်းလည်း သိရသည်။
မောင်တောခရိုင်အတွင်းတွင် နေထိုင်ခဲ့သည့် ဘင်္ဂါလီဦးရေမှာ ၈ သိန်းကျော်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် အကြမ်းဖက် ဖြစ်စဉ်နောက်ပိုင်းတွင် လူဦးရေ ၅ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားကြသည်ဟု ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။
လက်ရှိတွင် မြန်မာအစိုးရ၏ ပြန်လည်လက်ခံရေးအစီအစဉ်အရ ဝင်ရောက်လာသူ ၁၈၂ ဦးအထိရှိပြီး ၎င်းတို့တွင် မိမိဆန္ဒအရဝင်လာသူများ၊ အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီးလွတ်လာသူများနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရာမှ လှေပျက်ပြီး ကမ်းတင်လာသူများပါဝင်ကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့၏နီးစပ်ရာ ဆွေမျိုးများရှိရာနေရာများသို့ ပို့ဆောင်ပြီး ယာယီနေရာချပေးထားကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။
ချလူးအောင် / DMG
Development Media Group
0 comments:
Post a Comment