တက္ကသိုလ်ဝင်တန်း စာမေးပွဲ (မတ်လ ၆ ရက်) စစ်ဆေးမှာဖြစ်တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စာစစ်ဌာန (၉)ခုမှာ အေးချမ်းတည်ငြိမ်စွာ စာမေးပွဲအောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မြို့ရှင်၊ရွာရှင်တွေကို မြို့နယ်ပညာရေးမှူးနဲ့ ရုံးမိသားစုတွေက ယနေ့ မတ်လ ၅ ရက်နေ့မှာ ပူဇော်ကန်တော့ခဲ့ကြပါတယ်။
ဒီဇင်ဘာလအစောပိုင်းက စတင်ပြီး ပုဏ္ဏားကျွန်း၊ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင် ၊မြောက်ဦး စတဲ့ မြို့နယ်တွေမှာ တပ်မတော်နဲ့ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားနေကြပါတယ်။တိုက်ပွဲကြောင့် လူပေါင်းသောင်းချီခန့် စစ်ဘေးရှောင်ဘဝ ရောက်ရှိနေကြပါတယ်။
တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးဖို့ လုံခြုံမှုစိုးရိမ်ရတဲ့ စာစစ်ဌာနအဖြစ် မြောက်ဦးမြို့နယ် ကျီရာပြင်စာစစ်ဌာနနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်း စာစစ်ဌာနတို့ကို ပြည်နယ်ပညာရေးမှူးရုံးက သတ်မှတ်ထားပါတယ်။
ကျီရာပြင်စာစစ်ဌာနကို တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်လို့ စာမေးပွဲစစ်ဆေးချိန်ကာလမှာ တိုက်ပွဲဖြစ်ပွားလာရင် ပြောင်းရွှေ့စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံ စာစစ်ဌာနသို့ တင်ပြထားပါတယ်။ကျောက်တန်းကျေးရွာမှာတော့ ရဲစခန်း မရှိတာကြောင့် မေးခွန်းထားဖို့ လုံခြုံမှုမရှိလို့ ဆိုပြီး ရသေ့တောင် အထက(၁)နဲ့အထက(၂) စာစစ်ဌာနတို့မှာ ပြောင်းရွှေ့စစ်ဆေးဖို့ ပြည်နယ်ပညာရေးမှူးရုံးက စီစဉ်ထားပါတယ်။
မြောက်ဦးမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလမှာ စစ်ပွဲတွေကို ယာယီရပ်စဲထားဖို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ကို မူဝါဒဖော်ဆောင်ရေး အဖွဲ့ ( ရခိုင်လူငယ်ညီလာခံ-AYC)က တောင်းဆိုထားပါတယ်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းမှာ စာစစ်ဌာန ၁၂၁ ခု ဖွင့်လှစ်ပြီး စစ်ဆေးသွား မှာဖြစ်ပါတယ်။ကျောင်းသား၊ကျောင်းသူ ၄၅၅၃၃ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။
Development Media Group
0 comments:
Post a Comment