Wednesday, March 6, 2019

စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုအလံနှင့်  အစိုးရအဖွဲ့လိုဂိုတံဆိပ် အသစ်ပြန်လည်ရေးဆွဲနိုင်ရန် တိုင်းဒေသကြီး လွှတ်တော် အတည်မပြု


စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအလံ တိုင်းအစိုးလိုဂိုတို့ကို စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားလှယ်များ၏ပေးထားသော ဆန္ဒမဲများ အရ စစ်ကိုင်းတိုင်းလွှတ်တော်က အတည်မပြုကြောင်း သိရသည်။ 
"ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၈ ဦးရှိတဲ့အနက် စစ်ကိုင်းတိုင်းကိုယ်စား ပြုအလံနဲ့ တိုင်းအစိုးရ တံဆိပ်လိုဂိုတို့ကို သဘောတူထောက်ခံသူ လေးဦး၊ ကန့်ကွက်သူ ၄၇ ဦး၊ ကြားနေသူ ၂၇ ဦးဖြစ်ပါတယ်။ သဘော မတူ ကန့်ကွက်သူ ပိုများတဲ့အတွက် သက်ဆိုင်ရာတိုင်းလူမှုရေး ဝန်ကြီး တင်သွင်းတဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြုအလံနဲ့ တိုင်းအစိုးရတံဆိပ်လိုဂို တို့ကို လွှတ်တော်မှ အတည်မပြုကြောင်း ကြေညာပါတယ်" ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ကြေညာခဲ့သည်။ 
အတည်မပြု 

မတ် ၆ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၏ ဆန္ဒမဲပေးမှု အဖြေအရသဘောမတူကန့်ကွက်သူက သဘောတူသူ ထက် ၄၀ ကျော် များနေသဖြင့် လွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

"စစ်ကိုင်းတိုင်းကိုယ်စားပြုအလံနဲ့ တိုင်းအစိုးရလိုဂိုတို့ကို လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးပေးကြတဲ့အတွက် အများကြီး ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ တချို့က အဓိပ္ပာယ်ဖော်ဆောင်တာများ မှားနေ တာလား။ သိလျက်နဲ့ ပြောနေတာလား မသိပါဘူး။ လိုဂိုရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စစ်ကိုင်းတိုင်းအစိုးရနဲ့ လူမှုရေးဝန်ကြီးတို့ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမဟုတ်ပါဘူး။ စစ်ကိုင်းမြို့ ပိုးတန်းရပ်က ပြိုင်ပွဲဝင် ကိုဇော်မင်းဦးရဲ့ ရှင်းလင်းတင်ပြချက်ဖြစ်ပါတယ်။ လိုဂိုတို့၊ အလံတို့ ပြိုင်ရင် ယှဉ်ပြိုင်သူဟာ သူ့ရဲ့ ယူဆချက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ကိုယ်ပိုင်ဖော်ပြပိုင်ခွင့်ရှိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကိုရှေးရှုပြီး စစ်ကိုင်းတိုင်းအစိုးရက ရွေးချယ်ခဲ့တာဖြစ် ပါတယ်။ မည်သို့ဆိုစေ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ တစ်သွေးတစ်သံတစ်မိန့် မဟုတ်ပါဘူး"ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောဆိုသည်။ 

အဆုံးအဖြတ် 

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအလံ တိုင်းအစိုးလိုဂိုနှင့် ပတ်သက်၍ ဒီပဲယင်းမြို့နယ် ယင်းမာပင်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် စစ်ကိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက ဆွေးနွေးကန့်ကွက်အပြီးတွင် အသစ် ဖြစ်သည့် န-သြအငညါ မဲပေးစနစ်ဖြင့် မလုပ်ဘဲ ယခင်ဆန္ဒမဲပေးသည့် အတိုင်း စာရွက်မဲဖြင့် အဆုံးအဖြတ်ရယူခဲ့ခြင်းဖြစ်သည်။

The Myanmar Times

0 comments:

Post a Comment