ကချင်ပြည်နယ် ရွှေကူမြို့၌ အိမ်ရှင်အမျိုးသမီးကို သတ်ကာ ရွှေထည်ပစ္စည်းများယူ ဆောင်သွားခဲ့သည်ဆိုသူ ဇာတ်မင်းသားအပါအဝင် နှစ်ဦးကို ရှမ်းပြည်နယ်တွင် သက်ဆိုင်ရာက မတ် ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့ အမှတ်(၃)ရပ်ကွက် မင်းကုန်း ရပ်၌ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျနေကြောင်း အတူနေမိသားစုဝင်များကတွေ့ရှိ၍ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေဆုံးသူဝတ်စဉ်ထားသည့် ရွှေဆွဲကြိုးအပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ဖိုးရှိပစ္စည်းများ ပျောက်ဆုံးနေပြီး အခင်းဖြစ်သည့်နေ့မတိုင်မီ နေအိမ်၌ ခေတ္တ လာရောက်တည်းခိုသူ ထွန်းနိုင်ဝင်းနှင့် မင်းထက်( ခ )စိုင်းကို ( ခ )ကိုဖြိုး ( ခ )ထက်အောင်( ခ ) ဇာတ်မင်းသား ဆိုသူတို့လည်း ပျောက်ဆုံးသွားခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ရွှေကူမြို့မရဲစခန်းက(ပ) ၂၀၁၉ ပုဒ်မ၊၃၀၂/၃၉၄ အရ အမှုဖွင့်စုံစမ်းခဲ့ရာ မတ် ၅ ရက်၊ ည ၁၀ နာရီ အချိန်ခန့်တွင် အမှုဖြင့်တိမ်းရှောင်နေသူ စစ်ကိုင်းတိုင်းဒေသကြီးနေ ထွန်းနိုင်ဝင်း (၂၇)နှစ်ကို သီပေါ မြို့နယ်-ပန်မိတ်ကျေးရွာ အုပ်စုပန်ညု ကျေးရွာ မှလည်းကောင်း၊ မင်းထိုက်( ခ ) စိုင်းကို ( ခ )ကိုဖြိုး ( ခ )ထက်အောင် ( ခ )ဇာတ်မင်းသားကို ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက် ခတ္တာလမ်းရှိ နေအိမ်မှလည်းကောင်း နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ အကူညီဖြင့် အသီးသီးဖမ်း ဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား တရားစွဲဆိုတင်ပို့နိုင်ရေး ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
The Myanmar Times







0 comments:
Post a Comment