Wednesday, March 6, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ခန္တီးမြို့လူထုတွေ့ဆုံပွဲတွင် ဒေသခံများက နန်စီပွန်ကျောက်စိမ်းမှော်ရှိ လုပ်ကိုင်ခွင့်ရကုမ္ပဏီများ၏ စက်ယန္တရားများ အလွန်အကျွံအသုံးပြုနေမှုကို ပြန်လည်စိစစ်ပေးရန်နှင့် မှန်ကန်သည့်တရားဥပဒေ စိုးမိုးမှုဖြစ်စေရန် တင်ပြတောင်းဆို



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ခန္တီးမြို့လူထုတွေ့ဆုံပွဲတွင် ဒေသခံများက နန်စီပွန်ကျောက်စိမ်းမှော်ရှိ လုပ်ကိုင်ခွင့်ရကုမ္ပဏီများ၏ စက်ယန္တရားများ အလွန်အကျွံအသုံးပြုနေမှုကို ပြန်လည်စိစစ်ပေးရန်နှင့် မှန်ကန်သည့် တရား ဥပဒေစိုးမိုးမှုဖြစ်စေရန် တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ 
အဆိုပါတွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အားကစားခန်းမတွင် မတ် ၆ ရက် နံနက် ၁၁ နာရီက ပြုလုပ်ရာတွင် ခန္တီး ဒေသခံ ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒေသခံတို့က အထက်ပါအတိုင်း တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

ဒေသခံများ တင်ပြတောင်းဆိုသည့် မေးခွန်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖတ်ကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြန်လည်ဖြေကြားရာတွင် အဖြေများကို ကျေနပ်မှု မရှိကြောင်း ဒေသခံများက ပြောကြားသည်။ 

“မေးခွန်းတွေကို အမေစုကဖတ်ပြပြီး သက်ဆိုင်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ဖြေခိုင်းတယ်။ ဒါပေမဲ့ အဖြေတွေက ဝေ့ လည်ကြောင်ပတ်တွေနဲ့ အားရစရာမရှိဘူး။ ကျွန်တော်ကတော့ ခန္တီးနန်စီပွန်က ကုမ္ပဏီတွေရဲ့ ယန္တရားကို ပြန်လည်စိစစ်ပေးဖို့နဲ့ နန် စီပွန်ချောင်းတိမ်ကောသွားတာကို ဘယ်လို ပြန်လုပ်ပေးနိုင်မလဲ မေးတာ။ ကျွန်တော်မေးတာနဲ့ သူတို့ပြန်ဖြေတာက တခြားစီဖြစ်နေတယ်။ ၂၀၁၇ ခုနှစ်မှာ ပြန်လည်တူးဖော်ပေးပြီး လက်ရှိအချိန်အထိ တူးဖော်မှုမရှိတော့တာ။ ယန္တရားအလွန်အကျွံသုံးစွဲတဲ့ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အနေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး တကယ့်မြေပြင်အခြေအနေကို လာရောက်စစ်ဆေးပေးဖို့ပေါ့။ အဲဒါမှသာလျှင် အဖြစ်မှန်ကို သိနိုင်မယ်လို့ ပြောလိုက်တယ်။ စာလည်းပေးလိုက်တယ်” ဟု မေးခွန်းမေးမြန်းသူဒေသခံ ဦးအောင် ဆန်းမြင့်က ဆိုသည်။ 

ထို့ပြင် လုပ်ကွက်များတွင် ယန္တရားများ အလွန်အကျွံသုံးစွဲနေမှုအပေါ် အစိုးရအနေ ဖြင့် စုံစမ်းစိစစ်ရေးအဖွဲ့ဖွဲ့ပြီး ပြန်လည် စိစစ်ပေးရန်နှင့် ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဥပမာ လုပ်ကွက်တစ်ကွက်ကို ဘက်ဟိုးလေးစီး၊ ကားလေးစီးဆိုရင် လုပ်ကွက် ၁၀ ကွက်ဆိုရင် ဘက်ဟိုး အစီး ၂၀၊ ကား ၄၀ ပေါ့။ မြေပြင်အခြေအနေမှာတော့ လုပ်ခွင့်ရ တဲ့ လုပ်ကွက်နဲ့ သုံးစွဲတဲ့ ယန္တရားက အလွန် အကျွံဖြစ်နေတယ်။ ဒါကို အစိုးရအဖွဲ့အနေနဲ့ စုံစမ်းစိစစ်ရေး အဖွဲ့ဖွဲ့ပြီး ပြန်လည်စိစစ် ပေးဖို့ပေါ့။ အဲဒီလို အလွန်အကျွံသုံးစွဲလို့ နန်စီပွန်ချောင်းက တိမ်ကောသွားတာလေ။ ချောင်းက အရင်ကဆို စက်လှေတွေသွားလာလို့ရတယ်။ အခုတော့ သွားလာလို့ မရတော့ဘူး။ ချောင်းပျက်သွားတာ ၁၀ နှစ်လောက်ရှိနေပြီ။ အရင်ကဆို နန်စီပွန်အထိ စက်လှေနဲ့ သွားလို့ရတယ်။ အခုက မရတော့ဘူး။ မိုး တွင်းတောင် သွားလို့မရဘူး။ အဖြေတွေကို ကျေနပ်အားရမှု မရှိပေမဲ့ ဘယ်လိုဆက်လုပ် မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့”  ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။ 

ခန္တီးမြို့နယ် နန်စီပွန်ဒေသကျောက်စိမ်းမှော်တွင် တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း တင်ပြခဲ့သည့် နန်စီပွန်ဒေသခံ ဒေါ်ဇင်မာကလည်း အဖြေများကို ကျေနပ်အားရမှု မရှိကြောင်း ပြောဆိုသည်။ 

“၁၉၉၂၊ ၉၃၊ ၉၄ က မြေစာပုံအဟောင်းတွေကို ခြံအထပ်ထပ်ခတ်ထားတာရယ်။ နောက်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပြည်သူနဲ့ရဲ ထိပ်တိုက်ဖြစ်တဲ့ကိစ္စကို အစ်မတို့က ကြားဝင်ဖြေရှင်းပေးခဲ့တော့ ပစ်ခတ်မှု မဖြစ်ခဲ့ဘူး။ အခု ဦးပိုင်နဲ့ဖြစ်တဲ့ကိစ္စမှာ အစ်မ ကဝင်မဖြေရှင်းတော့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ အဲဒီလို အစ်မတို့ဖြေရှင်းပေးတဲ့ကိစ္စတွေမှာ မတော်မတရား အမှုဖွင့်စွဲဆိုထားတဲ့ အကြောင်း၊ နောက်ပြီး အိမ်ပေါ်ကို မူးယစ်ဆေးဝါး ရှာဖွေမယ်ဆိုပြီး နန်စီပွန်လို ကျောက်ထွက်တဲ့နေရာက အိမ်တိုင်းမှာ ကျောက်ရှိ နေတာကို ကျောက်တွေသိမ်းသွားပြီး ကျောက်မျက်ပုဒ်မ ၄၂ (က) နဲ့ အမှုဖွင့်ထားတယ် ဆိုတဲ့အကြောင်း၊ အဲဒီအကြောင်းတွေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဆီ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ကတည်းက Memory Stick ရယ်၊ ဓာတ်ပုံနဲ့စာတွေရယ် ကိုယ်တိုင်ကိုယ် ကျပေးခဲ့တယ်ဆိုတဲ့အကြောင်း၊ နန်စီပွန်မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့ အကြောင်း၊ တရားဥပဒေကို သူတို့လိုသလို လက်နက်သဖွယ်အသုံးချနေတော့ ပြည်သူတွေက အရမ်းခံနေရတယ်။ တရားဥပဒေက သူတို့ လက်ထဲမှာ သားရေကွင်းလိုပဲ လိုတိုးပိုလျှော့ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။ အဖြေတွေကို ကျေနပ်အားရမှုမရှိပေမယ့် အမေစုနဲ့တွေ့ရပြီး ပြောဆိုခွင့်ရလိုက်တော့ အမှန်တရားတစ်ခုတော့ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်ဇင်မာက ပြောကြားသည်။ 

တွေ့ဆုံပွဲတွင် မေးမြန်းလိုသည့် မေးခွန်းများကို သက်ဆိုင်ရာသို့ သုံးရက်ကြိုတင်ရပြီး မေးခွန်းအချို့ ပယ်ချခံခဲ့ရကြောင်း ခန္တီးမြို့ခံ ဦးအောင်ဆန်းမြင့်က ပြောကြားသည်။ 

“မေးခွန်းတင်တယ်ဆိုတာက ဖြတ်တောက်တဲ့ သဘောပဲ။ တကယ်က Unseen မေးခွန်း ဖြစ်ရမှာ။ အခုတော့ အကြောင်းအရာကို လက်ဝါးရိုက်ထားသလို ဖြစ်နေတယ်။ နောက် ပြီး တချို့မေးခွန်းတွေက တင်ထားပေမယ့် ဖြုတ်ချခံရတယ်။ ပါမလာဘူး။ အမေစု ဘယ် လောက်လာလာ အောက်ခြေမှာ လိမ်နေကြတုန်းပဲ” ဟု ၎င်းက ဆိုသည်။ 


Eleven Media Group


0 comments:

Post a Comment