Sunday, March 17, 2019

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ "၀"အဖွဲ့ တက်မည်



အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ဖိတ်ကြားစာကို ကောင်းမွန်စွာလက်ခံရရှိပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ UWSA "၀" အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေး လားရှိုးရုံးခွဲတာဝန်ခံ ဦးညီရန်းကပြောပါတယ်။ မတ်(၂၁)ရက် နေပြည်တော်မှာကျင်းပမယ့် အဲဒီပွဲကို "၀" အဖွဲ့နဲ့အတူ အခြားအဖွဲ့တွေလည်း အစုံအညီတက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး အဖွဲ့ပေါင်းစုံ ပါဝင်ဆွေးနွေးခွင့်ရရေးအတွက်လည်း အခွင့်အခါကောင်းတစ်ခုဖြစ်တယ်လို့ ဦးညီရန်းကပြောပါတယ်။ 

  
ဒါပေမယ့် “ဝ” ရဲ့ အပစ်အခတ်ရပ်စဲရေး နှစ်(၃၀)ပြည့်အခမ်းအနားကို ဧပြီ(၁၇)ရက်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာကြောင့် ထိပ်တန်းခေါင်းဆောင်တွေတော့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဦးညီရန်းက ပြောပါတယ်။ NRPC ရဲ့ဖိတ်စာထဲမှာတော့ "၀" အဖွဲ့နဲ့အတူ ကချင်၊ ကိုးကန့်၊ မိုင်းလား၊ ရခိုင် AA၊ တအဲန်းပလောင်၊ SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ နဲ့ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။ 

အခုဖိတ်ကြားတဲ့စာရင်းထဲမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပါဝင်တာကြောင့် ဒါဟာငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကပြောပါတယ်။ 
  
မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးပွဲကို မတ်(၂၁)ရက် နေပြည်တော်မှာကျင်းပဖို့ ပြင်ဆင်ထားပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ အဖွဲ့ဝင်တစ်ဦးအပါဝင် တစ်ဖွဲ့ကို (၂)ဦးတက်ရောက်ဖို့ NRPC က ဖိတ်ကြားထားပါတယ်။ နောက်တစ်ရက်မှာတော့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ဆက်လက်ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

One News Myanmar 

0 comments:

Post a Comment