အမေရိကန် ဆီးနိတ်လွှတ်တော် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်အမတ်များက ဆော်ဒီသတင်းထောက် ခါရှော့ဂီ အသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုထုတ်ပြန်ပေးရန် ထရမ့်အစိုးရ၏ ပျက်ကွက်မှုကို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြပြီး ပြတ်သားစွာ တုံ့ပြန်ရေးကို တွန်းအားပေးသွားမည်ဟု ပြောကြားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
တနင်္လာနေ့က ဆီးနိတ် နိုင်ငံခြားရေး ရာ ကော်မတီရှေ့မှောက်၌ နိုင်ငံခြားရေးဌာနနှင့် ဘဏ္ဍာရေးဌာန တာဝန်ရှိသူများက တံခါးပိတ် ရှင်းလင်းထွက်ဆိုခဲ့ကြရာ လွှတ်တော်အမတ်များက အသစ်သိရှိရသော အချက်အလက်မရှိကြောင်း ပြောကြားခဲ့သည်။
“တကယ်ကို အချိန်ဖြုန်းတာ သက်သက်ပဲ။ ကျွန်တော်ကတောင် သူတို့ထက် ပိုသိနေသေးတယ်”ဟု ထရမ့်နှင့် ကိစ္စအတော်များများတွင် သဘောထား တိုက်ဆိုင်သူ ရီပတ်ဘလစ်ကန်အမတ် လင်းဆေးဂရေဟမ်က ပြောကြားသည်။
ရီပတ်ဘလစ်ကန်အမတ် မစ်ရူနီကလည်း “အထောက်အကူ မဖြစ်ပါဘူး။ တိုးတက်မှု အနည်းအကျဉ်းပဲ ရှိတဲ့အတွက် စိတ်ပျက်စရာပါ”ဟု ပြောကြားသည်။
ကော်မတီဝင် ဒီမိုကရက်အမတ် ဘော့ပ်မန်းဒက်ဇ်က “ဆော်ဒီနဲ့ ဆက်ဆံရေး ကိစ္စတွေ ရှိနေလို့ သတင်းထောက်သေဆုံးမှုကို လက်သင့်ခံရမယ်ဆိုတဲ့ အကြောင်းပြချက်ကို ဆီးနိတ်အနေနဲ့ လက်မခံဘူးဆိုရင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်”ဟု ပြောကြားသည်။
ထရမ့်အစိုးရသည် ခါရှော့ဂီသေဆုံးမှုတွင် မည်သူက လက်သည်တရားခံဖြစ်သည်ကို ကွန်ဂရက်လွှတ်တော်သို့ အစီရင်ခံရမည့် ဖေဖော်ဝါရီလ သတ်မှတ်ရက်ကို ပျက်ကွက်ခဲ့သည်။
ဆော်ဒီနိုင်ငံတွင်မူ လူသတ်မှုနှင့် ပတ်သက်၍ တရားခံ ၁၁ ဦးကို စွဲချက်တင်ထားပြီး အိမ်ရှေ့မင်းသားဘင်ဆော်လ်မန်က အမိန့်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းပယ်ထားသည်။
အမေရိကန်လွှတ်တော်တွင် ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ မဂ္ဂနစ်စကီး လူ့အခွင့်အရေး အက်ဥပဒေကို ပြဋ္ဌာန်းထားသောကြောင့် ခါရှော့ဂီပြဿနာတွင် အစိုးရ၏ အစီရင်ခံစာကို လိုအပ်နေသည်။
နိုင်ငံခြားရေးရာ ကော်မတီ ရီပတ်ဘလစ်ကန်အစု ဥက္ကဋ္ဌ ဂျင်မ်ရစ်ကမူ အစိုးရကို ဝေဖန်ရာတွင် ပါဝင်ခြင်းမပြုသော်လည်း နောက်ထပ် အချက်အလက် ပိုမိုသိရှိနိုင်ရန် ကြိုးစားလျက်ရှိသည်။
“ဒီကိစ္စက လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပစ်မထားပါဘူး”ဟု ဂျင်မ်ရစ်က ပြောကြားသည်။
ယီမင်နိုင်ငံ၌ ဆော်ဒီဦးဆောင်သော အာရပ်တပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်နေမှုတွင် အမေရိကန်၏ ကူညီပံ့ပိုးမှုများကို အဆုံးသတ်မည့် ဆုံးဖြတ်ချက်ကို ဒီမိုကရက်အမတ်များ ကြီးစိုးထားသည့် အောက်လွှတ်တော်က ယခင်လအတွင်း အတည်ပြုခဲ့ပြီးဖြစ်ပြီး ဆီးနိတ်လွှတ်တော်တွင် မဲခွဲမည့်ရက်ကိုမူ သေချာ မသတ်မှတ်ရသေးပေ။
The Voice







0 comments:
Post a Comment