ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော စစ်သွေးကြွအဖွဲ့၏ ပိုင်ဆိုင်မှုများနှင့် ရန်ပုံငွေများကို သိမ်းဆည်းရန် ပါကစ္စတန် အာဏာပိုင်များက တနင်္လာနေ့တွင် ညွှန်ကြားလိုက်ပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
ပိတ်ပင်ထားသော အဖွဲ့အစည်းများက ထိန်းချုပ်ထားသည့် ကုသိုလ်ဖြစ်အဖွဲ့များနှင့် ဆေးကုသရေးအဖွဲ့များကိုလည်း အစိုးရက ဖမ်းဆီးမည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဖိုင်ဆယ်က ပါကစ္စတန်ပြည်တွင်းရုပ်သံလိုင်းသို့ ပြောကြားသည်။
သိမ်းဆည်းမှုများသည် လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများကို အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်ပါဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဖိုင်ဆယ်က ပြောကြားသည်။
ဖေဖော်ဝါရီလအတွင်းက ပါကစ္စတန်အခြေစိုက် ဂျေ့ရှ်အီးမိုဟာမက် ဂျီဟတ်အုပ်စုက ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်ထားသောအပိုင်းတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အစ္စလာမ်မာဘတ် အာဏာပိုင်များ တိုက်ရိုက်ပတ်သက်နေကြောင်း ငြင်းကွယ်၍မရသော အထောက်အထားဖြစ်သည်ဟု အိန္ဒိယဘက်က အပြစ်တင်ခဲ့သည်။
ထို့နောက်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ပါကစ္စတန်ပိုင်နက်အတွင်းရှိ စစ်သွေးကြွစခန်းကို အိန္ဒိယက ဗုံးကြဲဖျက်ဆီးခဲ့ပြီး ပါကစ္စတန်ကလည်း အိန္ဒိယ စစ်လေယာဉ်တစ်စင်းကို ပစ်ချခဲ့သည်။
ပါကစ္စတန်က ငြိမ်းချမ်းရေးလက္ခဏာ ပြသည့်အနေနှင့် အိန္ဒိယတိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးခဲ့သည်။ ထိုရက်အတွင်း အငြင်းပွား ကက်ရှ်မီးယားနယ်မြေတွင် မြေပြင်တပ်များကလည်း အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
ပါကစ္စတန်နိုင်ငံသည် အိန္ဒိယကို မာန်ဖီနေဆဲဖြစ်သော်လည်း ပြည်ပမှ ဖိအားပေးမှုကြောင့် အကြမ်းဖက်အုပ်စုများကို နှိမ်နင်းမည့် လက္ခဏာပြလာခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက တိုင်းပြည်ကို စစ်သွေးကြွများ ခိုအောင်းသည့်နေရာ အဖြစ်မခံနိုင်ဟု ပြောကြားခဲ့ပြီး စစ်သွေးကြွနှင့် အစွန်းရောက်ဝါဒတိုက်ဖျက်ရေးကို တောင်းဆိုခဲ့သည်။
တနင်္လာနေ့တွင် ပြည်ထဲရေးဝန်ကြီးက ပြည်နယ်လေးခုစလုံးမှ ဒေသန္တရအစိုးရ ကိုယ်စားလှယ်များကို ခေါ်ယူစည်းဝေးခဲ့ပြီး ၂၀၁၄ ကတည်းက ချမှတ်ထားခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ နှိမ်နင်းရေးအစီအစဉ်ကို ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် အကြမ်းဖက်အုပ်စုများ နှိမ်နင်းရေး လှုပ်ရှားမှုများကို အရှိန်မြှင့်ကြရန် ဒေသန္တရ အာဏာပိုင်များကို ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။
သို့ရာတွင် အကြမ်းဖက်အုပ်စု နှိမ်နင်းရေးလှုပ်ရှားမှုသည် အိန္ဒိယနိုင်ငံ၏ ဖိအားပေးမှုကြောင့် မဟုတ်ကြောင်းနှင့် ကက်ရှ်မီးယား ဗုံးကွဲမှုမတိုင်မီကပင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူက ပြောကြားသွားသည်။
“၂၀၁၄ ကတည်းက ချမှတ်လုပ် ဆောင်ခဲ့တာပါ။ ဒီလို မဟာဗျူဟာမြောက် အရွေ့တွေ ဖြစ်ပေါ်လာဖို့ အချိန်ယူရပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
The Voice







0 comments:
Post a Comment