Tuesday, March 12, 2019

အင်န်အယ်လ်ဒီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို ပြန်ရုပ်သိမ်း၍ ၄၅ ဦးကော်မတီကိုဖျက်သိမ်းပေးရန် ကြံ့ခိုင်ရေးအမတ်တောင်းဆို


Image may contain: 1 person, standing
NLD ပါတီအမတ် ဦးအောင်ကြည် ညွန့်တင်သွင်း ထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုအတည် ပြုခဲ့ခြင်းကို ပြန်ရုပ်သိမ်း၍ ဥပဒေနှင့်မညီသည့် ၄၅ ဦး ကော်မတီကို ဖျက်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအမတ် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တောင်း ဆိုသည်။ 
မတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာ၌ ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။ 

”အရေးကြီးအဆိုမဟုတ်တဲ့ ဦးအောင်ကြည်ညွန့် ရဲ့အဆိုကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့တာကို ပြန်လည်ရုပ်သိမ်းပေးပြီး ဥပဒေနဲ့မညီတဲ့ ၄၅ ဦးကော်မတီ ကို ဖျက်သိမ်းပေးဖို့၊ အရင်တုန်းကလည်း ပထမအကြိမ် လွှတ်တော်မှာ ဒီလိုဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်”ဟု ဦးသောင်းအေးက ပြောဆိုသည်။ 


လက်ရှိဆောင်ရွက်ချက်များသည် ဥပဒေနှင့် မညီ သောကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်၏ ဂုဏ်သိက္ခာက ထိန်းသိမ်းနိုင်ရန်အတွက် ယခုကဲ့သို့ အကြံပြုခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောဆိုသည်။ 

ထို့ပြင် ဥပဒေနှင့်အညီ တင်ပြထားသည့် ကိုယ်စားလှယ် ၁၄၃ ဦး၏ ပုဒ်မ-၂၆၁(ခ)(ဂ)(ဃ)(င) ပြင်ဆင်ရန်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပုဒ်မ-၉၆ နှင့်အညီ ပြန်လည်ဖွဲ့စည်းပြီး နည်းဥပဒေ-၁၃၃ မှ ၁၄၃ အထိ ပြဋ္ဌာန်းထားသည့်အတိုင်းဆက်လက်ဆောင်ရွက်ပေးရန် ဦးသောင်းအေးက တင်ပြခဲ့သည်။ 

”ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြက်ရယ်ပြုသလို နိဒါန်းကစပြီး ပြင်မယ်လို့ ကြွေးကြော်နေတာဟာ ဖျက်ဆီးရေးကို ဦးတည်နေတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၈၄ ကို ဖောက်ဖျက်ရာမရောက်အောင် အချိန်မီတားဆီးပေးဖို့နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကနေ ဖျက်ဆီးရေးကို ဦးတည်နေတဲ့ လူထုလှုံ့ဆော်မှုတွေကို ထိန်းသိမ်းနိုင်အောင် အစိုးရကို ထိန်းကျောင်းပေးဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီးဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ တိုက်တွန်းအပ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၆၁ ကိုပြင်မည်ဆိုပါက ဆက်နွှယ်နေသည့် ပုဒ်မများကိုလည်း ထည့်သွင်းစိစစ်ရန်လိုအပ်ပြီး အခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမှုများစ၍ ပြင်မှသာ ရှေ့နောက် ညီညွတ်မှုရှိမှာဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မတစ်ခုချင်းစီကို ပြင်ဆင်ရန်သီးခြားတင်သွင်းခြင်းသည် သင့်မြတ်မှုမရှိသောကြောင့် ပုဒ်မ-၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကို NLD က အဆိုတင်ပြီး ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းများတွင် တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန် ဥပဒေမူကြမ်းလေ့လာစိစစ်ရေးကော်မတီက လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းထားခြင်းဖြစ်သည်။

The Standard Time Daily


0 comments:

Post a Comment