အာဖရိက ဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် ဝက်နှင့်ဝက်ထွက် ပစ္စည်းများ တင်သွင်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ ယာယီ တားဆီးပိတ်ပင် ထားသည်။
တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြား သေဆုံးလျက်ရှိရာ မြန်မာနိုင်ငံသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင် ကာကွယ်ရန်အတွက် တားဆီးပိတ်ပင် ထားခြင်းဖြစ်သည်။
"အာဖရိက ဝက်အပြင်းဖျား ရောဂါဟာ DNA အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ရောဂါပိုး သယ်ဆောင်တဲ့ ကြားခံလက်ခံကောင်ဖြစ်တဲ့ မွှားတွယ်ခြင်း၊ ကိုက်ခြင်းအပြင် ရောဂါပိုး ကူးစက်ခံထားရတဲ့ ဝက်ရဲ့ အသားနဲ့ ဝက်ထွက်ပစ္စည်း တွေက တစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး အိမ်မွေးဝက်များနဲ့ တောဝက်တွေမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် လူတွေမှာတော့ ရောဂါကူးစက်နိုင်ခြင်း မရှိပါဘူး"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။
အာဖရိကဝက် အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုးသည် ဝက်သားနှင့် ဝက်သားထွက် စားသောက်ကုန်များတွင် ကာလရှည်ကြာစွာ ရှင်သန် နေထိုင်နိုင်သောကြောင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ရောဂါပိုးများ မြန်မာနိုင်ငံဘက်သို့ ကူးစက်ရောက်ရှိလာခြင်း မရှိစေရန်အတွက် တရုတ်-မြန်မာ နယ်စပ်ဂိတ်များမှ ဝက်သားနှင့် ဝက်ထွက် ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ထားသည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ မကူးစက်စေရေးအတွက် နယ်နိမိတ် ထိစပ်လျက်ရှိသော ဒေသအချို့တွင်လည်း ရောဂါနမူနာများ ရယူစုဆောင်းခြင်း၊ ဓာတ်ခွဲ စမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒီရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် လားရှိုးနဲ့ မူဆယ်ခရိုင်အတွင်းမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တရားမဝင် ဝင်ရောက်တာကို ပိတ်ပင်တားဆီးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်တာ မူဆယ်နယ်စပ် ဂိတ်စခန်းတွေမှာ တရားမဝင် ဝင်ရောက်တာတွေ တားဆီးပိတ်ပင် ကန့်သတ်တဲ့ သတိပေး ဗီနိုင်း ၊ ပိုစတာတွေ စိုက်ထူတာ၊ အသိပညာပေး ဟောပြောတာတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အပါအဝင် ပြည်နယ်အချို့တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever – ASF) ဖြစ်ပွားလျက် ရှိခြင်းကြောင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ထားပြီး နိုင်ငံအတွင်း ရောဂါဖြစ်ပွားပါက အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများလည်း ချမှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးထားသည်ဟုဆိုသည်။
ယင်းဗိုင်းရပ်စ်ပိုးမှာ ဝက်အူချောင်း၊ အေးခဲဝက်သားနှင့် ဆားနယ်ဝက်သားများတွင် တာရှည်စွာ အသက်ရှင် နေထိုင်နိုင်ပြီး ကူးစက်ပျံ့နှံ့နိုင်သည့်အတွက် ကြိုတင်တားဆီး ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားရန် လိုအပ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့ှ်ဝက်သား ၊အေးခဲဝက်သား၊ ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များသာမက လေဆိပ် ၊ရေဆိပ် များမှတစ်ဆင့် သယ်ယူခြင်း ၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် တားဆီး ပိတ်ပင်ထားသည်။
ဝေဝေဖြိုး
The Fifth Wave News






0 comments:
Post a Comment