Monday, March 4, 2019

အပြန်အလှန် အခွန်လွတ်ကုန်သွယ်ရေးအင်ဒိုနီးရှားနှင့် သြစတြေးလျ လက်မှတ်ရေးထိုး


လွတ်လပ်စွာအပြန်အလှန်ကုန်သွယ်နိုင်ရေးအတွက် အင်ဒိုနီးရှားနှင့် သြစတြေးလျတို့သည် အခွန်လွတ်ကုန်သွယ်ရေးသဘောတူညီချက်ကိုမတ် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။ 
သဘောတူညီချက်အရ နှစ်နိုင်ငံသည် အခွန်အများအပြားကိုဖယ်ရှားမည်ဖြစ်ကာ၊ သြစတြေးလျ ဆေးရုံများလည်းအင်ဒိုနီးရှားတွင် ကျယ်ပြန့်စွာလုပ်ကိုင်ခွင့်ရမည်ဖြစ်သလို၊ အင်ဒိုလုပ်သားများလည်း သြစတြေးလျ အလုပ်ပါမစ်များပိုမိုလွယ်ကူစွာရရှိမည်ဖြစ်သည်။ အခွန်လွတ် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အင်ဒိုနီးရှားနှင့် သြစတြေးလျတို့ ၂၀၁၀ ခုနှစ်က စတင်ကာဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှားနှင့် သြစတြေးလျကြား နှစ်စဉ် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည်ဒေါ်လာ ၁၁  ဒသမ ၆ ဘီလီယံဝန်းကျင်ရှိသည်။ လက်ရှိတွင် အင်ဒိုနီးရှားပို့ကုန်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသည်သာ သြစတြေးလျသို့ တင်ပို့နေခြင်းဖြစ်သည်။ လူဦးရေသန်း ၂၆၀ ရှိသောအင်ဒိုနီးရှားသည် ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာ့စီးပွားအင်အားကြီး နိုင်ငံများထဲ၌ ပါဝင်လာမည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ 

သဘောတူစာချုပ်ကြောင့် အင်ဒိုနီးရှားသို့ သြစတြေးလျကတင်ပို့သောပို့ကုန်၏ ၉၉ ရာခိုင်နှုန်းသည် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရကပြောသည်။ လက်ရှိတွင် ပို့ကုန် ၈၅ ရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့် ရရှိထားသည်။ သြစတြေးလျသို့ အင်ဒိုနီးရှားကတင်ပို့သောပို့ကုန်အားလုံးသည်လည်းအခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ သဘောတူစာချုပ်အရ သြစတြေးလျ လုပ်ငန်းကြီးများသည် အင်ဒိုနီးရှားတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ သတ္တုတွင်းစသည့် လုပ်ငန်းများ၌ ရှယ်ယာအများစုကိုပိုင်ဆိုင်ခွင့် ရရှိဦးမည်ဖြစ်ကြောင်းသိရသည်။

The Myanmar Times

0 comments:

Post a Comment