ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် ရခိုင်ပြည်နယ်အလံ လွှင့်ထူခဲ့ကြသည့် နေအိမ်များကို အစိုးရက စာရင်းကောက်ယူနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
မြောက်ဦးမြို့ပေါ်ရှိ လောကမူ၊ ဝါး ဈေး၊ ကျောက်ရစ်ကေ၊ ဘုရားပေါ်၊ ကြာကန်စု စသည့်ရပ်ကွက်များရှိ နေအိမ်များတွင် ရခိုင်ပြည်နယ်အလံကို မတ်လ ၂ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ လွှင့်ထူခဲ့ကြသည်။
ယင်းသို့ အိမ်တိုင်းလိုလို အလံလွှင့်ထူခြင်းသည် ထူးခြားဖြစ်စဉ်တစ်ရပ်ဖြစ် နေသောကြောင့် အစိုးရအဖွဲ့အနေနှင့် စာရင်းကောက်ယူရခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
“နေ့ထူးနေ့မြတ်မဟုတ်ဘဲ အိမ်တိုင်းလိုလိုထောင်တာဆိုတော့ ထူးခြားတာပေါ့၊ အဲဒါကြောင့် ကျွန်တော်တို့ သိထားဖို့အတွက်ပါ၊ အရေးယူဖို့ မယူဖို့ကတော့ ဥပဒေအကြံရယူပြီးမှ ပြောလို့ရမယ်” ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
ထိုသို့ အလံလွှင့်ထူခဲ့သည့်နေအိမ်များကို စာရင်းကောက်ယူနေလျက်ရှိပြီး ကနဦးအနေနှင့် ၂၇ အိမ် သတင်းရရှိထားပြီးဖြစ်ကြောင်း၊ ကျန်နေအိမ်များကို ဆက်၍ ကောက်ယူနေလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
အလံလွှင့်ထူမည်ဆိုလျှင် နိုင်ငံတော်အလံနှင့် ယှဉ်တွဲ၍သော်လည်းကောင်း၊ နိုင်ငံတော်အလံထက် အမြင့်မှာသော်လည်းကောင်း လွှင့်ထူခြင်းမျိုး မလုပ်ဆောင်ရကြောင်း၊ သို့သော် ပြည်နယ်အလံသည် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသည့်အလံတစ်ခုဖြစ်သဖြင့် နေအိမ်များတွင် လွှင့်ထူနိုင်ကြောင်း ဥပဒေအသိုင်းအဝိုင်းထံမှသိရသည်။
“ကျွန်တော်တို့ကတော့ ဘာကြောင့် အလံလွှင့်ထူကြလဲမသိဘူး။ တစ်အိမ်နှစ်အိမ်လောက် အလံထောင်တာမြင်တာနဲ့ အကုန်လိုက်လုပ်လိုက်ကြတာပဲ” ဟု မြောက်ဦးမြို့နယ် လောကမူ ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။
တပ်မတော်နှင့် AA တို့သည် မြောက်ဦးမြို့နယ်အတွင်း၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေလျက်ရှိပြီး၊ အုပ်ချုပ်ရေးမှူး ၄ ဦးကို မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးလိုက်ပြီးနောက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ခန့် စတင်ကာ နုတ်ထွက်ခဲ့ကြသည်။
ယင်းနောက် မြို့ပေါ်ရပ်ကွက်အချို့ရှိ နေအိမ်များတွင် ရခိုင်ပြည်နယ်အလံကိုလည်းကောင်း၊ အလံနှင့် သပြေခက်တို့ ပူးတွဲချည်နှောင်ကာလည်းကောင်း လွှင့်ထူခဲ့ကြသည်။
The Voice






0 comments:
Post a Comment